ဗီယက်နမ်၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ ဂွမ်ဇီပြည်နယ်တို့အကြား ၂ဝ၂၃ ခုနှစ် ဇွန်လ (၆) ရက်နေ့ (အင်္ဂါနေ့)က ကျင်းပပြုလုပ်သော အစည်းအဝေးတွင် ဗီယက်နမ်နှင့်တရုတ်နှစ်နိုင်ငံအကြား လယ်ယာ ထွက်ကုန်များကို ကုန်သွယ်မှုတိုးမြှင့်စေရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား လယ်ယာထွက်ကုန်များကို နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရာတွင် လွယ်ကူမှုရှိစေရန်နှင့် နယ်စပ်ဂိတ်များတွင် ပိတ်ဆို့မှုများ မဖြစ်စေရန်တို့အတွက် ကောင်းမွန်သော နယ်စပ်ဂိတ်ထိန်းကျောင်းမှုဆိုင်ရာစနစ် (Smart border gate control) ကို စတင်ဆောင်ရွက်သင့်ကြောင်းကို အဆိုပြုဆွေးနွေးခဲ့ကြပါသည်။
ဗီယက်နမ်မှ တရုတ်သို့ လယ်ယာပို့ကုန်များအတွက် တင်ပို့ရာတွင် ဂွမ်ဇီပြည်နယ်သည် အကြီးမားဆုံး တံခါးပေါက်တစ်ခုဖြစ်ပြီး တရုတ်အကောက်အခွန်ဌာန၏ ကိန်းဂဏန်းများအရ ၂၀၂၃ ခုနှစ်၏ ပထမလေးလအတွင်း ဂွမ်ဇီပြည်နယ်ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၃၅၀.၄ သန်း တန်ဖိုးရှိ လယ်ယာထွက်ကုန်များကို ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းလယ်ယာထွက်ကုန်တင်ပို့မှု၏ ၁၉.၇ ရာခိုင်နှုန်း တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။
နန်နင်းအကောက်ခွန်ဌာန၏ ပြောကြားမှုအရ ဒူးရင်းသီးနှင့် သရက်သီးကဲ့သို့သော သီးနှံများ အရောင်းအဝယ်သွက်သည့်ရာသီတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် အဆိုပါသီးနှံများကို သယ်ယူပို့ဆောင်မှုများပြားလာမည်ဖြစ်သဖြင့် အကောက်ခွန် ရှင်းလင်းမှုလုပ်ငန်းကို ဖိအားများ ဖြစ်လာစေနိုင်ကြောင်း၊ အကောက်ခွန်ရှင်းလင်းမှုအား ပိုမိုလွယ်ကူမှုရှိစေရေးအတွက် ကောင်းမွန်သော နယ်စပ်ဂိတ်ထိန်းကျောင်းမှုဆိုင်ရာစနစ် (Smart border gate control) ကို ကြိုတင် စမ်းသပ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်များ ကုန်သွယ်ရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအလားအလာ ကောင်းမွန်နေသဖြင့် နှစ်လိုဖွယ်ကောင်းသော ကုန်သွယ်မှုအခြေအနေကောင်းများကို ဖန်တီးပေးသွားရန်လိုအပ်ကြောင်း သိရှိရပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီးဖြစ်သူ Tran Thanh Nam က အချို့နယ်စပ်ဂိတ်များတွင် ပိတ်ဆို့မှုများဖြစ်လာခဲ့၍ နှစ်ဖက်နိုင်ငံများမှ အကောက်ခွန်ရှင်းလင်းမှုကိစ္စများ မြန်ဆန်စေရေးအတွက် အကောက်ခွန်ဌာနအချင်းချင်း သတင်းအချက်အလက်များဖလှယ်မှု မြန်ဆန်စွာ စီးဆင်းဖို့လိုအပ်ကြောင်း၊ အချို့ထွက်ကုန်များသည် ပိတ်ဆို့မှုဖြစ်လျှင် အရည်သွေးကျဆင်းနိုင်သည့်အတွက် အကောက်ခွန်ရှင်းလင်းရာတွင် ဦးစားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Nam အနေဖြင့် နန်နင်းအကောက်ခွန်ဌာနသို့ လမ်းညွှန်ပြောကြားရာတွင် နှစ်ဖက်နိုင်ငံများမှ အကောက်ခွန်ဌာနများသည် ဆက်သွယ်မှုလွယ်ကူစေရန်နှင့် အချိန်မီပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် Contact Point တစ်ခု တည်ထောင် ထားဖို့လိုအပ်ကြောင်း၊ ဂွမ်ဇီသည် ဗီယက်နမ်၏ ပြည်နယ် ၄ ခုဖြင့် နယ်နိမိတ်ထိစပ်နေပြီး နယ်စပ်ဂိတ် ၉ ခုရှိသော်လည်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့၊ တင်သွင်းမှုများအတွက် နယ်စပ်ဂိတ် ၆ ခုသာ ခွင့်ပြုထားသဖြင့် အဆိုပါ ဂိတ်များအပေါ်တွင် ဖြစ်ပေါ်လေ့ရှိသည့်ဖိအားများကို လျှော့ချနိုင်ရန်နှင့် ကုန်ကျစရိတ်များသက်သာရန်တို့အတွက် နယ်စပ်ဂိတ် ၉ ခုစလုံးကို ခွင့်ပြုသင့်ကြောင်း၊ Smart Border Gate Control System ကို သီးခြားစီမံကိန်းတစ်ခုဖြင့် ကနဦး စမ်းသပ် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Nam က နှစ်နိုင်ငံအကြား တင်ပို့၊ တင်သွင်းမှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရန် နှစ်နိုင်ငံစလုံးမှ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍတို့တွင် ဆောင်ရွက်နေသူများပါဝင်သည့် စီးပွားရေးလုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းထားနိုင်ရန် လိုအပ်ကြောင်းနှင့် နှစ်နိုင်ငံ၏ စားသုံးမှု ဝယ်လိုအား ပြည့်မီစေရန် နယ်စပ်ဒေသများတွင် အအေးခန်းများ သို့မဟုတ် သားသတ်ရုံများကို ဆောက်လုပ်သွားရန် လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။
ဗီယက်နမ်တွင် ပိုးမွှားကင်းစင်သည့် မွေးမြူရေးဇုံများစွာရှိပြီး ဂျပန်၊ ကိုရီးယားနှင့် ရုရှားနိုင်ငံတို့ကဲ့သို့သော ဈေးကွက်များသို့ တိရစ္ဆာန်ထွက်ကုန်များ တင်ပို့လျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်ပြီး ဗီယက်နမ်နိုင်ငံမှ တိရစ္ဆာန်ထွက်ကုန်များကို တင်ပို့ခွင့်ရရှိစေရေး ဆောင်ရွက်သင့်ကြောင်း Nam က ဆက်လက်ပြောကြားခဲ့သည်။
Source: Biz Hub, 31 May, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)