ကုလသမဂ္ဂနှင့် တူရကီနိုင်ငံတို့၏ကြားဝင်ဆောင်ရွက်မှုအရ ယူကရိန်းနိုင်ငံဆိပ်ကမ်းများမှ ကောက်ပဲသီးနှံများ တင်ပို့နိုင်ရေးအတွက် ရှရှား-ယူကရိန်းတို့အကြား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ချုပ်ဆိုခဲ့သည့် ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံများ လွတ်လပ်စွာ တင်ပို့မှု (Black Sea Grain Initiative) သဘောတူစာချုပ်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လလယ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ အဆိုပါသဘောတူစာချုပ်အား သက်တမ်းတိုးမြှင့်ဖွယ် အလားအလာမရှိနိုင်ဟုယူဆကြောင်း ရှရှား နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၅ ရက် (တနင်္လာနေ့)တွင် ရုရှားသတင် ဌာနတစ်ခုသို့ ပြောကြားကြောင်း သတင်းရရှိပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ရှရှားနိုင်ငံနှင့် ဆက်လက်ဆွေးနွေးဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ နှစ်နိုင်ငံသဘောတူစာချုပ်အရ ကုန်ပစ္စည်းသင်္ဘောမှတ်ပုံတင်ခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများအား ရုရှားဘက်က ဆက်လက်ဆောင်ရွက် ထားရှိကြောင်းနှင့် ကုလသမဂ္ဂနှင့် ရှရှားဆွေးနွေးပွဲကို ဇွန်လ ၉ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ရှရှားနိုင်ငံ TASS သတင်းဌာနက ဖော်ပြထားပါသည်။
ပင်လယ်နက်ဒေသကောက်ပဲသီးနှံများ လွတ်လပ်စွာတင်ပို့မှု (Black Sea Grain Initiative) သဘောတူစာချုပ်အရ ရှရှား-ယူကရိန်းစစ်ပွဲကာလစတင်သည့်ကာလကပင် ရုရှားက ပိတ်ပင်တားမြစ်ထားသည့် ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းများမှ ပို့ကုန်များကို လွတ်လပ်စွာ တင်ပို့ခွင့်ရရှိခဲ့ပါသည်။ နှစ်နိုင်ငံသဘောတူညီချက်အရ ပင်လယ်နက်ဒေသတွင် ယူကရိန်းနိုင်ငံက ကောက်ပဲသီးနှံများနှင့် နေကြာဆီများကို လွတ်လပ်စွာ တင်ပို့ခွင့်ရရှိသကဲ့သို့ ရှရှားနိုင်ငံ၏ အစားအစာ ကုန်ပစ္စည်းနှင့် ဓာတ်မြေဩဇာများအား သယ်ယူပို့ဆောင်နိုင်ရေးကိုလည်း ကမ္ဘာ့ကုလသမဂ္ဂကကူညီဆောင်ရွက်ပေးရန် သဘောတူညီမှုရှိထားပါသည်။
ရှရှားနိုင်ငံ၏ အစားအစာကုန်ပစ္စည်းနှင့် ဓာတ်မြေဩဇာများ တင်ပို့ရာတွင် အခက်အခဲများ ရှိနေသည့်အတွက် ရုရှားနိုင်ငံဘက်မှ သဘောတူစာချုပ်အားရပ်စဲရန် အရေးဆိုပြောကြားချက်များ ရှိခဲ့ပါသည်။ ထို့အပြင် ယူကရိန်းနိုင်ငံ ပင်လယ်နက် ဆိပ်ကမ်းသို့ သွယ်တန်းထားသည့် အမိုးနီးယားပိုက်လိုင်းအား ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် ရှရှားစိုက်ပျိုးရေးဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ SWIFT ငွေပေးချေမှုကွန်ရက်တို့ ပြန်လည်ချိတ်ဆက်ဆောင်ရွက်ခွင့်ပြုရန် တောင်းဆိုမှုများလည်းရှိကြောင်း သိရှိရပါသည်။
Source: Reuters, 5 June 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)