စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ဖြူမြို့နယ်တာဝန်ခံနှင့်ပူးပေါင်း၍ (၄-၆၀- ၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာ၌ နှမ်းစိုက်ပျိုးသည့်တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု၊ အရောင်းအဝယ်ဖြစ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။
ရွာခိုင်ကျေးရွာသည် အိမ်ခြေ (၉၁၅) အိမ်ခန့်ရှိ၍ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြကြောင်း၊ နှစ်စဉ် ကုလားပဲ၊ နှမ်း၊ ပဲတီစိမ်းသီနှံများကို စိုက်ပျိုးကြကြောင်း၊ နှမ်းစိုက်တောင်သူများအနေဖြင့် (၁) ဧကလျှင် စိုက်ပျိုးရန်အတွက် မျိုး (၄) ပြည်ကြဲပက်ရကြောင်း၊ စမုံနက်နှမ်းမျိုးတစ်တင်းလျှင် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး (၁၅) ရက်သားခန့်အရွယ်တွင် မြေကြီးအတွင်းရှိ အစိုဓာတ်ထိန်းနိုင်စေရန်နှင့် အပင်ကြီးထွားစေရန် အတွက် အပင်အားဆေးများဝယ်ယူဖျန်းပက်ရကြောင်း၊ ဆေး (၁) ထုပ်လျှင် (၁၅၀၀၀) ကျပ်နှုန်းရှိကြောင်း၊ (၁) လခွဲအရွယ်တွင် အပွင့်၊ အသီးလိုက်စေရန်အတွက် ပိုးသတ်ဆေးနှင့် အားဆေးဝယ်ယူဖျန်းပက်ရကြောင်း၊ အသီးအပွင့်အားဆေး (၁) ထုပ်လျှင် (၂၀၀၀၀) ကျပ်နှုန်းရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အတွင်း (၅) ကြိမ်ခန့်ရေဖျန်းရပြီး တစ်ကြိမ်ရေဖျန်းလျှင် (၇၀၀၀၀) ကျပ်ခန့်ကုန်ကျကာ (၁) ဧကကုန်ကျစရိတ်မှာ မြေပြုပြင်ချိန်မှစ၍ အပင်အားဆေး၊ ပိုးသတ်ဆေးနှင့် ရေဖျန်းခြင်းတို့အတွက် လုပ်အားခနှင့် သွင်းအားစုအပါအဝင် (၆၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၃) လအကြာတွင် ရိတ်သိမ်းရပြီး (၁) ဧကလျှင် (၁၀) တင်းနှုန်းထွက်ရှိကာ ထွက်ရှိလာသောနှမ်းများအား မကွေး၊ မင်းဘူးရှိပွဲရုံများသို့ သွားရောက်ရောင်းချရပါကြောင်း၊ သီးနှံပေါ်ချိန်၌ နှမ်းတစ်တင်းလျှင် (၈၀၀၀၀) ကျပ်မှ (၈၅၀၀၀) ကျပ်နှုန်းထိရရှိပါကြောင်း၊ နှမ်းသီးနှံသည် မိုးများစွာရွာသွန်းလျှင် အပင်များပျက်စီးတတ်ပါကြောင်း၊ ယခုနှစ်တွင် (မိုခါ) မုန်တိုင်းကြောင့် မိုးများစွာရွာသွန်းခဲ့သဖြင့် ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊ နှမ်းစိုက်ပျိုးသော တောင်သူများထံမှ သိရှိရပါသည်။
DOCA(မကွေး)