စံပယ်ပန်းသည် မွှေးကြိုင်သောသင်းရနံ့နှင့် အဖြူအဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သောပန်းဖြစ်ပါသည်။ စံပယ်ပန်းသည် မြန်မာတို့၏ ဆယ့်နှစ်လရာသီများထဲတွင် နယုန်လ၌ ပွင့်သောပန်းဖြစ်ပါသည်။ စံပယ်ပန်းပင်သည် ချုံပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ “ဂျက်စမင်နမ်ဆမ်ဗက်” ဖြစ်ပါသည်။ အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိနှင့် စံပယ်နွဲ့ဟူ၍ စံပယ်အမျိုးမျိုးရှိပါသည်။
စံပယ်ပန်းပင်သည် ပူအိုက်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် စံပယ်ပန်းပင်ကို မြန်မာပြည်အပူပိုင်းဒေသများ၌ အများဆုံးစိုက်ပျိုးလေ့ရှိပါသည်။ စံပယ်ပန်းပင်များကို အခြားပန်းပင်များကဲ့သို့ ခြံဖွဲ့၍စိုက်ပျိုးခြင်းမရှိသော်လည်း မိမိတို့နေအိမ်များတွင် စိုက်ပျိုးကြပါသည်။ စံပယ်ပန်းပွင့်များကို ကြိုးဖြင့်သီကုံးပြီး ဦးခေါင်းတွင် ပန်ဆင်ကြသည့်အပြင် အခက်လိုက်ပန်ဆင်သူများလည်းရှိသည်။ ယခုအခါ စံပယ်ပန်းများကို သီကုံးပြီး ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးသို့ လာရောက်ရောင်းချရာ ပန်းရောင်းချသည့်လုပ်ငန်းရှင်ပြောပြချက်အရ တစ်ရက်လျှင် စံပယ်ပန်းကုံး (၃၀ မှ ၆၀) ခန့်အထိရရှိပြီး (၁) ကုံးလျှင် (၁၀၀) ကျပ်၊ (၁၁) ကုံးလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ စံပယ်ပန်းကုံးများကို ဘုရားပန်းအဖြစ် ကပ်လှူရန်၊ ပန်းပန်ရန်နှင့် ကားများ၊ ဈေးဆိုင်များတွင် ချိတ်ဆွဲရန်တို့အတွက်သော်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရပါသည်။
စံပယ်ပန်းကုံးများရောင်းချနိုင်ရန်အတွက် ရရှိလာသောပန်းများကို သီကုံးရောင်းချခြင်းဖြင့် အရင်းမစိုက်ရဘဲ မိသားစုဝင်ငွေရရှိနိုင်သောကြောင့် စိုက်ပျိုးသင့်သောပန်းတစ်မျိုးဖြစ်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)