ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာတွင် မတ်ပဲသည် မြန်မာနိုင်ငံအတွက် အရေးပါသောပဲတစ်မျိုးဖြစ်သည်။ မတ်ပဲကို အစိုဓာတ်နှင့် မြေဆီလွှာအာဟာရအနည်းငယ်သာရှိသော မြေများတွင်လည်းစိုက်ပျိုးနိုင်သည်။ မတ်ပဲတွင် ဗိုက်တာမင်၊ ပရိုတင်း၊ သတ္တုဓာတ် စသည့်တို့ အမြောက်အများပါဝင်သောကြောင့် လူသားတို့အတွက် အာဟာရတန်ဖိုးမြင့်မားသည်ဟုဆိုနိုင်သည်။ မတ်ပဲကို များသော အားဖြင့် ဆောင်းတွင်းပိုင်းတွင် ပိုမိုစိုက်ပျိုးကြပြီး မိုးတွင်းပိုင်းတွင် အနည်းငယ်စိုက်ပျိုးကြပါသည်။ နိုင်ငံခြားဈေးကွက်ရှိသောသီးနှံလည်းဖြစ်သည်။
မတ်ပဲသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်လျာထားချက်မှာ မိုး ၉,၃၂၆ဧက၊ ဆောင်း ၁၆၃,၂၅၄ဧက၊ စုစုပေါင်းဧက ၁၇၂,၅၈၀ဧကရှိပြီး ၂၀၂၃ခုနှစ်၊ ရာသီကုန်ကာလအထိ မိုး ၈,၉၇၈ဧက၊ ဆောင်း ၁၆၄၃၆၉ဧက၊ စုစုပေါင်း ၁၇၃၃၄၇ဧကစိုက်ပျိုးခဲ့ရာမှ ၁၇၃,၃၃၃ဧကရိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ မတ်ပဲသီးနှံကို ရေဦးခရိုင်တွင် ၅၅,၄၆၀ဧက၊ ကန့်ဘလူခရိုင်တွင် ၅၀,၂၆၇ဧက၊ စစ်ကိုင်းခရိုင်တွင် ၁၉,၃၆၆ဧက၊ ရွှေဘိုခရိုင်တွင် ၁၅,၇၉၁ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၀,၇၇၂ဧက၊ မုံရွာခရိုင်တွင် ၈,၂၅၉ဧကနှင့် ကျန်ခရိုင်များတွင် ၁၃,၄၁၈ဧက၊ စုစုပေါင်း ၁၇၃,၃၃၃ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။
ယခင်နှစ် ကာလတူအချိန်၌ မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ်၁၄၄,၀၀၀ရှိခဲ့ရာ ယခုနှစ် လက်ရှိအချိန်တွင် ငွေကျပ်၂၄၀,၀၀၀ပေါက်ဈေးရှိပါကြောင်း၊ မတ်ပဲ (၁) ဧကကုန်ကျစရိတ် အနေဖြင့် ၃၈၁,၅၀၀ကျပ်ကုန်ကျပါကြောင်း၊ (၁) ဧကအထွက်တင်း (၁၆) တင်းထွက်ရှိပါသဖြင့် လက်ရှိ၌ (၁) တင်းပေါက်ဈေးလျှင် ၈၀,၀၀၀ကျပ်ဈေးရရှိသဖြင့် (၁) ဧကဝင်ငွေအနေဖြင့် ၁,၂၈၀,၀၀၀ကျပ်ရရှိသဖြင့် (၁) ဧကအကျိုးအမြတ်အနေဖြင့် (၉) သိန်းခန့်ရရှိသဖြင့် တောင်သူများအတွက် တွက်ခြေကိုက်သည့်သီးနှံတစ်မျိုးဖြစ်ကြောင်း ဆူးလေကုန်းကျေးရွာ၊ ကျွန်းသာယာကျေးရွာနှင့် ကျက်သွန်ဈေးကျေးရွာများရှိ တောင်သူများထံမှ သိရှိရပါသည်။ မတ်ပဲကို ခွဲခြမ်းပြုလုပ်၍ မတ်ပဲဘယာကြော်၊ အပင်ပေါက်ဖောက်၍ မတ်ပဲပင်ပေါက်၊ ၎င်းအပင်ပေါက်ကို အချဉ်တည်၍ ပဲပင်ချဉ်အဖြစ် အမျိုးမျိုးပြုလုပ်ရောင်းချနေရခြင်းကြောင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်ရှိသောသီးနှံဖြစ်သည့်အတွက် ကာလမရွေး ဈေးကွက်ဝယ်လိုအားရှိနေပြီး ဈေးကောင်းရနေသောမတ်ပဲသီးနှံကို ပိုမိုစိုက်ပျိုးလာပါကြောင်း တောင်သူအများထံမှ လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)