ရွှေတောင်ဒေသထွက် ရာသီစာတောက်တာဖူး

Powered by Drupal

     မာလာဖူး၊ တောက်တာဖူး၊ မာလာပန်း စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြသော တောက်တာဖူးပင်၏အရွယ်အစားမှာ အပင်ပုမျိုး (မြေကပ်ပင်) ဖြစ်ပြီး မြေပြင်အတွင်းမှ ထိုးထွက်လာပြီး တောထဲတွင်သာ အလေ့ကျပေါက်သည့်အပင်များဖြစ်ပါသည်။ တောက်တာဖူး၏အရသာသည် ပူရှိန်းရှိန်းရှတတရှိပါသည်။ ကျန်းမာရေးအတွက် အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ ခံတွင်းပျက်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ လေပွခြင်းနှင့်အစာစားချင်စိတ်မရှိခြင်း စသည့်ရောဂါများအတွက် တောက်တာဖူးအားစားသုံးပေးခြင်းဖြင့် သက်သာစေပါသည်။ ထို့ပြင် ရောင်ရမ်းခြင်းနှင့် နာကျင်မှုကိုသက်သာစေပါသည်။

  ယခုအချိန်တွင် ရာသီစာအဖြစ် မိုးများတဖွဲဖွဲရွာသွန်းပြီးလျှင် မြေပြင်အတွင်းမှ တောက်တာဖူးပွင့်လေးများထိုးထွက်လာတက်ကြပါသည်။ ကျေးရွာဓလေ့အရ ညနေပိုင်းတွင် တောထဲသို့ တောက်တာဖူးခူးယူပြီးလျှင် ရေဇလားအတွင်းထည့်၍ ရေစင်စင်ဆေးပြီး တောက်တာဖူးအပွင့် (၃) ခုပါ အချို့မှာနှီးဖြင့်စည်း၍လည်းကောင်း၊ သီတံဖြင့်ထိုး၍လည်းကောင်း ဈေးများ၌ သွားရောက်ရောင်းချရာတွင် တောက်တာဖူးတစ်စည်းလျှင် (၁၅၀-၂၀၀) ကျပ်တို့ဖြင့် ဈေးကွက်တွင်ရောင်းချကြောင်း သိရပါသည်။

    တောက်တာဖူးကို ရာသီစာအဖြစ်စားသောက်ရာတွင် ငါးပိရည်နှင့်တို့စရာအဖြစ်လည်းကောင်း၊ ရေနွေးဖျော၍ မြေပဲ၊ ဆီချက်တို့ဖြင့် အသုပ်သုပ်၍ စားသောက်ကြသည့်အပြင် တောက်တာဖူးအပွင့်အစိမ်းအား ပါးပါးလှီးပြီး တို့ဖူးသုပ်ထဲတွင် ထည့်စားလျှင် အနံမွှေးမွှေးလေးဖြင့် အရသာကောင်းမွန်ပါကြောင်း သိရှိရသည်။

DOCA(ပဲခူး)