ပြည်ပနိုင်ငံများ၏ ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ သတင်းများ

Powered by Drupal

စင်ကာပူနိုင်ငံ

စင်ကာပူနိုင်ငံ၏၂၀၂၀ ပြည့်နှစ်ကုန်သွယ်ရေးအခြေအနေနှင့် ၂၀၂၁ ခုနှစ်ကြိုတင်ခန့်မှန်း ချက်များကို၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ(၁၅)ရက်တွင်ထုတ်ပြန်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ကုန်စည် ကုန် သွယ်မှုပမာဏမှာ စင်ကာပူဒေါ်လာ (၉၆၉) ဘီလီယံရရှိခဲ့သဖြင့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅.၂% ကျဆင်းခဲ့ကြောင်း၊ ရေနံဈေးနှုန်းကျဆင်းခဲ့ခြင်းမှာ ကုန်စည်ကုန်သွယ်မှုပမာဏ ကျဆင်း ခဲ့ရခြင်းကြောင့်ဖြစ်ပြီး စက်သုံးဆီကုန်သွယ်မှုမှာ ၃၁ % လျော့နည်းခဲ့သော်လည်း စက်သုံးဆီ မဟုတ်သော ပြည်တွင်းထုတ်ပို့ကုန် (Non- Oil Domestic Exports)အခြေ အနေမှာ ၂၀၂၀ ပြည့် နှစ်၌ ၄.၃% တိုးတက်ခဲ့ပြီး စင်ကာပူနိုင်ငံ၏ အဓိကဈေးကွက်များဖြစ်သော အမေရိကန်နိုင်ငံသို့ (၃၈.၃%)၊ တောင်ကိုရီးယားနိုင်ငံသို့ (၂၇.၂%)နှင့် ဂျပန်နိုင်ငံသို့ (၂၆.၁%)ခန့် ပိုမို တင်ပို့နိုင်ခဲ့ ကြောင်း၊ စက်သုံးဆီမဟုတ်သောပစ္စည်းများကို ပြန်လည်တင်ပို့မှု (Non–Oil Re-Exports)မှာ ၂၀၂၀ ပြည့်နှစ်တွင် ၀.၁% ခန့်သာ အနည်းငယ်တင်ပို့နိုင်ခဲ့ကြောင်း၊ အီလက်ထရွန်နစ်ပစ္စည်း ပို့ကုန်မှာ ၄.၉ % တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း ၊ ပြည်တွင်းထုတ်စက်သုံးဆီကို ဩစတြေးလျ၊ မလေးရှားနှှင့် အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့မှုကျဆင်းသကဲ့သို့ စက်သုံးဆီ ပြန်လည်တင်ပို့မှု မှာလည်း ၅ % ကျဆင်းခဲ့ကြောင်း၊စင်ကာပူနိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေး(Services Trade) မှာ ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူ ဒေါ်လာ ၄၉၇.၁ ဘီလီယံ ရရှိခဲ့သော်လည်း ယခင်နှစ်နှင့် နှိုင်း ယှဉ်ပါက ၁၄.၃ % ကျဆင်းခဲ့ကြောင်း၊၂၀၂၁ ခုနှစ်တွင် နိုင်ငံအလိုက် မတူညီသော စီးပွားရေး ပြန်လည်နလန်ထူလာနိုင်မှုနှင့်အတူ ကမ္ဘာ့စီးပွားရေးသည် ၅.၅ % ခန့် ပြန်လည်တိုးတက်လာ နိုင်ကြောင်း၊ သို့သော် စင်ကာပူနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဂျပန်ကဲ့သို့သောနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုအပေါ် ပိုမိုတိုးမြှင့် ခန့်မှန်းခဲ့သော်လည်း တရုတ်၊ အာဆီယံ ၅ နိုင်ငံနှင့် အီးယူတို့၏ စီးပွားရေးတိုးတက်မှုအပေါ် လျှော့ချခန့်မှန်းခဲ့သဖြင့် မသေချာမှုများလည်းရှိသေးကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးသည် ၂၀၂၀ ပြည့်နှစ်တွင် ၉.၆ % ကျ ဆင်းခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၈.၁ % သို့ပြန်လည်တိုးတက်လာနိုင်သည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ခန့်မှန်းထားကြောင်း၊ လက်ရှိရေနံဈေးနှုန်း မြင့်တက်လာနေသော အခြေအနေ ကလည်း စင်ကာပူနိုင်ငံ၏ စက်သုံးဆီ ကုန်သွယ်မှုအပေါ် တိုးတက်လာစေမည်ဖြစ်သဖြင့် ၂၀၂၁ ခုနှစ် စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန် သွယ်မှုသည် ၂ % မှ ၄ % ဘောင်အတွင်း တိုးတက်လာနိုင် ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- စင်ကာပူနိုင်ငံ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဥရောပနိုင်ငံများ
၂၀၂၁ ခုနှစ်နွေရာသီကာလတွင် ယူရိုဇုန်၏စီးပွားရေးပြန်လည်နိုးထနိုင်မည်ဟု ဥရောပ ဗဟိုဘဏ် ဥက္ကဋ္ဌကခန့်မှန်းခဲ့ရာ ယူရိုဇုန်၏ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းမှ ပြန်လည် ရုန်း ထွက်နိုင်စွမ်းအပေါ် ယုံကြည်မှုအားကောင်းနေပြီး သက်ဆိုင်ရာအစိုးရများအား ငွေကြေးသုံးစွဲ မည့် အစီအစဉ်များကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်သည် စီးပွားရေးပြန်လည်နိုးထနိုင်မည့်နှစ်တစ်နှစ်အဖြစ် ဆက်လက်ယုံကြည်ထားဆဲဖြစ်ပြီး စီးပွားရေး ပြန်လည်နိုးထမှုသည်နှောင့်နှေးနေသော်လည်း လမ်းချော်သွားသည့်အခြေအနေမဟုတ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် စီးပွားရေးကျုံ့မှုသည် ၇ % နီးပါး ရှိခဲ့ပြီး ယခုနှစ်တွင် စီးပွားရေးချဲ့ထွင်မှု ၄% နီးပါး ရှိနိုင်သည်ဟု ဥရောပဗဟိုဘဏ်ကခန့်မှန်းထားသော်လည်း စီးပွားရေးထောက်ပံ့မှု အစီ အစဉ်များကိုဆက်လက်ပေးအပ်မည်ဆိုပါက အဆိုပါခန့်မှန်းချက်မှာဖြစ်နိုင်ချေရှိပြီး ကာကွယ် ဆေး ထိုးနှံနိုင်မှုအပေါ်တွင်လည်း များစွာမူတည်နေကြောင်း၊ ဥရောပတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ကူးစက်မှုများကြောင့် ယူရိုဇုန်နိုင်ငံများသည် အသွားအလာကန့်သတ်မှုများကို ပြန် လည်ဆောင်ရွက်ခဲ့ရသဖြင့် ၂၀၂၀ ပြည့်နှစ်၏ စတုတ္ထသုံးလပတ်ကာလတွင် စီးပွားရေးကျုံ့မှုနှင့် စီးပွားရေးကျဆင်းမှုတို့ကို မလွှဲမရှောင်သာကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ဥရောပဗဟိုဘဏ်၏ ယူရို (၁.၈၅) ထရီလီယံတန်ဖိုးရှိ အရေးပေါ်ငွေချေးစာချုပ်များ ဝယ်ယူရေးအစီအမံသည် မူဝါဒချမှတ် သူများအား ယူရိုဇုန်၌ ကပ်ရောဂါကြောင့် အကျပ်အတည်းဖြစ်နေမှုအပေါ် တုံ့ပြန်ဆောင်ရွက် နိုင်စေလိမ့်မည်ဖြစ်ကြောင်း၊ ကပ်ရောဂါအကျပ်အတည်းသည် ဆက်လက်တည်ရှိနေမည်ဖြစ် သဖြင့်ဘဏ္ဍာရေးနှင့်ငွေကြေးလှုံ့ဆော်မှုအစီအမံများကို ချက်ချင်းဖြတ်တောက်လိုက်သည့်အမှား မျိုးကို ထပ်မံမပြုလုပ်မိစေရန်နှင့် သက်ဆိုင်ရာအစိုးရများအနေဖြင့် ပြောင်းလွယ်ပြင်လွယ်ဖြစ် သည့် အထောက်အပံ့အစီအမံများကို ပံ့ပိုးပေးပြီးနောက် တစ်ဆင့်ချင်းလျှော့ချဆောင်ရွက်သွား သင့်ကြောင်း သိရှိရပါသည်။
(ရင်းမြစ်- ဘရာဇီးနိုင်ငံ၊ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးမှ ပေးပို့သည့်သတင်း)
ဩစတြေးလျနိုင်ငံ
တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးပိတ်ဆို့မှုများကြောင့် ဩစတြေးလျနိုင်ငံ၏ လယ်ယာထွက် ကုန်တင်ပို့မှုများ ဒေါ်လာသန်းချီ ဆုံးရှုံးလျှက်ရှိ၍ ဈေးကွက်သစ်များကို အပြင်းအထန် ရှာဖွေ လျှက်ရှိကြောင်း၊မုယောစပါးစိုက်ပျိုးထုတ်လုပ်သူများသည် အာရှနှင့်အရှေ့အလယ်ပိုင်းဒေသများ သို့ တင်ပို့ရောင်းချခြင်းဖြင့် ဈေးကောင်းရရှိလျှက်ရှိပြီး သိုးမွှေး၊ ဂျုံနှင့် နို့ထွက်ပစ္စည်းများမှာ ထိ ခိုက်မှုနည်းပါးကာ အသားတင်ပို့မှုမှာဆက်လက်မြင့်မားဆဲဖြစ်ကြောင်း၊ဝါဂွမ်း စိုက်ပျိုးထုတ်လုပ် သူများမှာ အင်ဒိုနီးရှား၊ထိုင်း၊ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ဈေးကွက်ဝင်ရောက်နိုင်ရေး ကြိုးပမ်းလျှက်ရှိပြီး ထိုသို့ဈေးကွက်ချဲ့ထွင်ခြင်းဖြင့် ၂၀၂၁ ခုနှစ်တွင် ဝင်ငွေပြန်လည်ရရှိရေး မျှော် မှန်းလျှက်ရှိကြောင်း၊ဩစတြေးလျနိုင်ငံ ဝိုင် ထုတ်လုပ်မှု စုစုပေါင်း၏ ၆၀ % မှာ ပြည်ပသို့ တင်ပို့ လျှက်ရှိရာ ၂၀၂၁ ခုနှစ် ပထမ(၂)လအတွင်း ဝိုင် အပေါ် တရုတ်နိုင်ငံ၏ တန်ပြန် စုပုံတင်သွင်းခွန် ကြောင့် ဝိုင် တင်ပို့မှုမှာ အေဒေါ်လာသန်း(၂၅၀) ထိ ကျဆင်းခဲ့သဖြင့် ဝိုင်ဈေးကွက်အား အာရှ နိုင်ငံများ၊ အာဖရိကတိုက်ရှိ အချို့နိုင်ငံများနှင့် အမေရိကန်နိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်မည်ဖြစ် ကြောင်း၊ပင်လယ်စာထုတ်လုပ်သည့်လုပ်ငန်းကတင်ပို့လျှက်ရှိသော ပုစွန် ၉၅% မှာလည်း အစား ထိုး ဈေးကွက်ရရှိရန် ခက်ခဲလျှက်ရှိသဖြင့် အပူတပြင်းဈေးကွက်သစ်ရှာဖွေရန် လိုအပ်ကြောင်း၊ ဩစတြေးလျနိုင်ငံ၏ ကဏ္ဍအလိုက် ထွက်ကုန်များမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါအပါအဝင် အခြားသော သဘာဝဘေးများ၊ ပုံမှန်ကုန်သွယ်မှုတွင် အချို့ကုန်စည်များမှာ တရုတ်ဈေးကွက် မရရှိမှုများကြောင့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရလျှက်ရှိရာ အမျိုးသားလယ်သမားအဖွဲ့ချုပ်၏ ခန့် မှန်းချက်အရ နောင် ဆယ်စုနှစ်အတွင်း အေဒေါ်လာ ၃၅ ဘီလီယံခန့် ဆုံးရှုံးနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံ၏ကုန်သွယ်မှုမှာ များစွာကျပ်တည်းခဲ့ရပြီး တရုတ်နိုင်ငံက မုယောစပါးအပေါ် တန်ပြန်အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခဲ့သည်မှာ (၈) လကြာမြင့်သွားပြီဖြစ်ကြောင်း၊ ဩစတြေးလျနိုင်ငံတစ်ဝှမ်းတွင် ယခုနှစ်နွေရာသီ၌ မုယောစပါး တန်ချိန် ၁၃ သန်းခန့် ထွက်ရှိမည်ဟုခန့်မှန်းထားပြီး ဆုံးရှုံးသွားသည့် တရုတ်နိုင်ငံဈေးကွက် အစား အရှေ့အလယ်ပိုင်းနှင့်အာရှသို့ Feed Barley ကိုလည်းကောင်း၊ မက္ကဆီကိုနိုင်ငံသို့ Malted Barley ကိုလည်းကောင်း တင်ပို့မည်ဖြစ်ကြောင်း၊ ဗစ်တိုးရီးယားပြည်နယ်အတွင်းရှိ အသား ထုတ်လုပ်သည့်ကုမ္ပဏီကြီး(၂)ခုက ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ရပ်နားထားသည့် အမဲသားနှင့် သိုးသား တင်ပို့မှုကို ပြန်လည်တင်ပို့နိုင်ရေး ပြင်ဆင်လျှက်ရှိပြီး တရုတ်နိုင်ငံသည် ဩစတြေးလျ နိုင်ငံ၏ တတိယအကြီးဆုံး အသားတင်ပို့သည့်နိုင်ငံဖြစ်ကြောင်း၊ ဩစတြေးလျနိုင်ငံ ကုန်သွယ် ရေးဝန်ကြီးအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များ တရုတ်အပေါ် မှီခိုအားထားနေရခြင်းမှ ကင်းဝေးစေ ရန် ယခုနှစ်အတွင်း UK၊ EU တို့နှင့် ကုန်သွယ်ရေးသဘောတူစာချုပ်များ ချုပ်ဆိုဆောင်ရွက် သွားမည်ဖြစ်ရာ ၎င်းစာချုပ်များမှတဆင့် စားသုံးသူ သန်း ၅၀၀ ကျော်အတွက် ဈေးကွက်ဝင် အခွင့်အလမ်းများရရှိနိုင်ရေး ခန့်မှန်းထားကြောင်း သိရှိရပါသည်။
(ရင်းမြစ်-ဩစတြေးလျနိုင်ငံ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
နယ်သာလန်နိုင်ငံ
နယ်သာလန်နိုင်ငံ၌ ထောပတ်သီးသည် ပြည်ပမှတင်သွင်းသည့် သစ်သီးဝလံ exotic fruit များအနက် စားသုံးမှုအများဆုံးသီးနှံဖြစ်လာပြီး ငှက်ပျောသီး၊ စပျစ်သီးနှင့် လိမ္မော်သီး တို့ ထက် ထောပတ်သီးကို ပိုမိုလူကြိုက်များ ရေပန်းစားလာကြောင်း၊ပြီးခဲ့သည့်နှစ်တွင် နယ်သာလန် နိုင်ငံအနေဖြင့် ထောပတ်သီးတင်သွင်းမှုတန်ဖိုးယူရို(၁.၁)ဘီလီယံရှိခဲ့ပြီး တင်သွင်းသည့်ထောပတ် သီးများ၏ (၉၀%) ကို ဂျာမနီနိုင်ငံနှင့် အခြားဥရောပနိုင်ငံများ၊ စကန်ဒေးနီးဗီးယန်းနိုင်ငံများသို့ ပြန်လည်တင်ပို့လျှက်ရှိကြောင်း၊နယ်သာလန်နိုင်ငံသည်ကမ္ဘာ့ဈေးကွက်များမှထောပတ်သီးများကို တင်သွင်း၍ ဥရောပတစ်လွှားသို့ ပြန်လည်တင်ပို့သည့်ဗဟိုချက်အဖြစ် ဆောင်ရွက်လျှက်ရှိရာ လက်ရှိကာလတွင် ဥရောပ၌ ထောပတ်သီးအများဆုံး တင်ပို့သည့်နိုင်ငံဖြစ်နေကြောင်း ၊၂၀၂၀ ပြည့်နှစ် တင်သွင်းမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက (၁၉%)ကျော် တိုးတက်လာခဲ့ပြီး ကမ္ဘာ့ဒုတိယ အများဆုံးထောပတ်သီးတင်ပို့သည့်နိုင်ငံဖြစ်ကြောင်း၊နယ်သာလန်နိုင်ငံ၏ ထောပတ်သီးတင်သွင်း မှုမှာ ၂၀၀၀ ပြည့်နှစ် တွင် ကီလိုသန်းပေါင်း (၁၅)သန်းသာရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကီလို သန်းပေါင်း (၃၃၇၃) သန်းသို့ တိုးတက်ရောက်ရှိလာပြီး စုစုပေါင်းတင်သွင်းမှုသည် အီးယူနိုင်ငံများ အားလုံး စုစုပေါင်းတင်သွင်းမှု၏(၆၃%) ရှိလာကြောင်း Statistics Netherlands ၏ အစီရင်ခံစာ အရ သိရှိရပါသည်။
နယ်သာလန်နိုင်ငံ၌ ထောပတ်သီးစားသုံးမှု တိုးတက်လာသည့်အခြေအနေသည် လွန်ခဲ့သော (၁၅)နှစ်ကျော်ခန့်မှစ၍ ပြောင်းလဲလာခဲ့ခြင်းဖြစ်ရာ လက်ရှိတွင်နယ်သာလန်နိုင်ငံ၌ ထောပတ်သီး ပျမ်းမျှစားသုံးမှုသည်၂၀၀၈ ခုနှစ်ကပျမ်းမျှစားသုံးနှုန်းထက်(၄)ဆပိုများပြားလာကြောင်း၊ဈေးဝယ် သူများ၏ (၃၀%)ကျော်ခန့်သည် ထောပတ်သီးဝယ်ယူကြပြီး ယင်းနှုန်းထားမှာ ဆက်လက်တိုး တက်မည်ဟုမျှော်လင့်ထားကြောင်း၊ဥရောပနိုင်ငံတွင်လူကြိုက်များပြီးဝယ်လိုအား တိုးတက်လာမှု ကြောင့် စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံများတွင် ထောပတ်သီးကို ရွှေစိမ်း(Green Gold)ဟု လူသိ များလာကြောင်း၊နယ်သာလန်နိုင်ငံအနေဖြင့် ထောပတ်သီးအများစုကို ပီရူး၊ ချီလီ၊ ကိုလံဘီယာ နှင့် တောင်အာဖရိကနိုင်ငံတို့မှ တင်သွင်းခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်ရာ၌ ရေအရင်းအမြစ် အမြောက်အများသုံးစွဲရန် လိုအပ်ခြင်းနှင့် ထောပတ်သီး စိုက်ခင်း များဖော်ထုတ်ရန်သစ်တောများခုတ်ထွင်ရှင်းလင်းရခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် မှု မဖြစ်ပေါ်စေရေးသတိပေးချက်များလည်းရှိကြောင်း သိရှိရပါ သည်။
(ရင်းမြစ်- ဘရပ်ဆဲမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံ၏ ၂၀၂၀ ဘဏ္ဍာနှစ်အတွင်းက (၅%)ကျဆင်းခဲ့သည့် GDP သည် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံမှုများနှင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး မြှင့်တင်ရန် ကတိပေးပြောကြားခဲ့မှုများကြောင့်၂၀၂၁ ဘဏ္ဍာနှစ်တွင် (၃.၈%)သို့လည်းကောင်း၊ ၂၀၂၂ ဘဏ္ဍာ နှစ်တွင် (၂.၃%)သို့လည်းကောင်း အသီးသီးမြင့်တက်လာမည်ဟု စီးပွားရေး ကျွမ်းကျင်ပညာရှင် များက သုံးသပ်ထားကြောင်း၊ ဂျပန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရန် မြို့တော်တိုကျိုအပါအဝင် စီရင်စုဒေသ (၁၀)ခုအား အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ခဲ့ ကြောင်း၊ အစိုးရအနေဖြင့် ပြည်တွင်းကူးစက်မှုတားဆီးရေး အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့်အပြင် စီးပွားရေးထိခိုက်မှုမှ သက်သာမှုလျော့ပါးစေရေးအတွက် Compre - hensive Economic Measures to Secure People’s Lives and Livelihoods towards Relief & Hope ကဲ့သို့သော လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များဆောင်ရွက်ခြင်း၊၂၀၂၀ ဘဏ္ဍာ နှစ်မှ တတိယအကြိမ် ထပ်ဆောင်းဘတ်ဂျက်ကို မြန်ဆန်ထိရောက်စွာအကောင်အထည်ဖော်ခြင်း၊ ၂၀၂၁ ဘဏ္ဍာနှစ်ဘတ်ဂျက်နှင့်အခြားရန်ပုံငွေများကို စောနိုင်သမျှစောစွာ ဆောင်ရွက်နိုင်ရန်တို့ကို ကြိုးပမ်းနေကြောင်း၊ ဂျပန်နိုင်ငံဗဟိုဘဏ်မှလည်း စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးဈေးကွက် တည်ငြိမ်ရေးကို အဓိကထားကာ ငွေကြေးဖြေလျှော့မှုမူဝါဒများ၊ ဘဏ္ဍာရေးအစီအမံများကို ဆောင်ရွက်နေကြောင်း၊ဗဟိုဘဏ်အနေဖြင့် ကူးစက်ရောဂါ၏ စီးပွားရေးအပေါ် သက်ရောက်မှု များ၊ သင့်လျော်သည့် ငွေကြေးမူဝါဒ ချမှတ်ဖော်ဆောင်နိုင်မှု ၊ ဈေးနှုန်းနှင့် ဘဏ္ဍာရေးဈေးကွက် အခြေအနေများတည်ငြိမ်မှုတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် အစိုးရမှ မျှော်မှန်းထားကြောင်း သိရှိရပါသည်။
(ရင်းမြစ်- ဂျပန်နိုင်ငံ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
အီရန်နိုင်ငံ
အိန္ဒိယဘဏ်များ၌ အီရန်နိုင်ငံကအရန်ထားရှိသည့် ရူပီးငွေပမာဏမှာ လျော့ကျလျှက်ရှိ ရာ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အီရန်နိုင်ငံသို့ ကုန်စည်တင်ပို့ရန် စာချုပ်အသစ် ချုပ် ဆိုမှုများမှာ ရပ်ဆိုင်းလုနီးပါးအခြေအနေသို့ ရောက်ရှိနေကြောင်း၊ ယခင်ကာလများ၌ အီရန်နိုင်ငံ သည် ၎င်း၏ရေနံထွက်ကုန်များအား အိန္ဒိယနိုင်ငံသို့တင်ပို့ရောင်းချရာတွင် ရရှိသည့်ရူပီးငွေများ အား အိန္ဒိယနိုင်ငံရှိ UCO နှင့် IDBI ဘဏ်များ၌ အရန်အပ်နှံထားရှိလျှက် အိန္ဒိယ ကုန်သည်များ ထံမှ ဘာစမာတီဆန်၊ လက်ဖက်ခြောက်၊ သကြား၊ ပဲပုတ်အမှုန့်နှင့် ဆေးပစ္စည်းများကို ပြန်လည် ဝယ်ယူတင်သွင်းရာ၌ အသုံးပြုခြင်းဖြစ်သော်လည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးအရ အရေးယူ ကန့်သတ်ထားရှိမှုအပေါ် ဖြေလျှော့ပေးသည့်ကာလကုန်ဆုံးသည့် ၂၀၁၉ ခုနှစ်၊ မေလ မှစတင်၍ အီရန်နိုင်ငံထံမှရေနံများအား ရူပီးငွေဖြင့်ဝယ်ယူခြင်းကို အိန္ဒိယအစိုးရက ရပ်ဆိုင်းခဲ့ကြောင်း၊ အီရန်နိုင်ငံအနေဖြင့် ၂၂ လအတွင်း အိန္ဒိယနိုင်ငံသို့ ရေနံစိမ်းတင်ပို့ရောင်းချရခြင်းမရှိပဲ အိန္ဒိယ ဘဏ်များ၌ အပ်နှံထားသည့်အရန်ရူပီးငွေများဖြင့် လိုအပ်သောကုန်စည်များ ဝယ်ယူ တင်သွင်း ခဲ့ရာ လက်ကျန်ငွေပမာဏ တဖြည်းဖြည်းနည်းပါးလာခဲ့ကြောင်း၊ အိန္ဒိယ ဆန်တင်ပို့သူ လုပ်ငန်း ရှင်များအသင်း(AIREA) ၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဆန်လုပ်ငန်းရှင်က ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်အတွင်း အိန္ဒိယနိုင်ငံမှအီရန်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ တန်ချိန် ၇ သိန်းခန့် ရှိခဲ့ သော်လည်း ယခုနှစ်၌ လွန်စွာလျော့နည်းဖွယ်ရှိကြောင်း၊ ယခုနှစ်၌ ဆန်ကုန်သည်များအနေဖြင့် လက်ရှိငွေပေးချေမှုစနစ်အပေါ် စိုးရိမ်မှုများဖြစ်ပေါ်လျှက်ရှိကြောင်း၊ ယခင်နှစ်ကစ၍ အီရန်နိုင်ငံ ဘက်မှ ကုန်ဖိုးငွေများပြန်လည်ရရှိမှုမှာ နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီး ၆ လ အကြာမှ ငွေ ပေးချေမှုကိုလက်ခံရရှိခဲ့ရာ ထိုသို့နှောင့်နှေးရခြင်းမှာ အီရန်နိုင်ငံ၏ဘဏ္ဍာရေးစနစ်အပေါ် ကုန် သွယ်ရောင်းဝယ်ရာ၌ ငွေပေးချေမှုကိုလွန်စွာခက်ခဲစေရန်အမေရိကန်နိုင်ငံကအရေးယူဆောင်ရွက် ခြင်းကြောင့်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အိန္ဒိယနိုင်ငံရှိအစိုးရဌာနများနှင့် ညှိနှိုင်းဆွေးနွေးလျှက် ရှိပြီး ငွေပေးချေမှုကိစ္စရပ်များကို မကြာမီဖြေရှင်းနိုင်လိမ့်မည်ဟုမျှော်လင့်ထားကြောင်း၊ အိန္ဒိယ နိုင်ငံရှိသကြားတင်ပို့သူများသည် ယူရိုငွေဖြင့် အီရန်နိုင်ငံနှင့်ကုန်သွယ်နိုင်မည့်အခြေအနေကို လေ့ လာလျှက်ရှိကြောင်း၊ ယခုနှစ် အီရန်နိုင်ငံ၏သကြားဝယ်ယူနိုင်မှုမှာ နည်းပါးဖွယ်ရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရန် အလေးပေးလုပ်ဆောင်လာကြကြောင်း၊ အိန္ဒိယနိုင်ငံက အီရန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၂.၂ ဘီလီယံရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၄၂% လျော့ကျခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
အိန္ဒိယနိုင်ငံ
အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားများဖူလုံရေးဝန်ကြီးဌာနသည် ပြည် တွင်း၌ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထွက်ရှိနိုင်မှုနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ သီးနှံ စိုက်ပျိုးရေးနှစ်အတွက် အပြီးသတ်ခန့်မှန်းချက်နှင့် ၂၀၂၀-၂၀၂၁ သီးနှံစိုက်ပျိုးရေးနှစ်အတွက် ပထမအကြိမ် ခန့်မှန်းချက်တို့ကို ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ထုတ် ပြန်ချက်အရ ၂၀၁၉-၂၀၂၀ သီးနှံစိုက်ပျိုးရေးနှစ်အတွင်း သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် စိုက် ပျိုးမှုမှာ ဧရိယာဟက်တာ ၂၆.၄၆ သန်းရှိပြီး ယခင်နှစ်ကထက် ၃.၁၂ % ပိုမိုတိုးတက်လျှက် သီးနှံ တန်ချိန် စုစုပေါင်း ၃၂၀.၇၇ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပန်းမန်များနှင့်ဟင်းခတ်အမွှေးအကြိုင်များထုတ်လုပ်မှုမှာ တိုးတက်မှုရှိပြီး လက်ဖက်၊ကော်ဖီ ကဲ့ သို့သော ခြံစိုက်သီးနှံများနှင့်အမွှေးနံ့သာနှင့်ဆေးဖက်ဝင်အပင်များစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၈- ၂၀၁၉ ခုနှစ်အောက် လျော့နည်းခဲ့ကြောင်း၊၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း သစ်သီးဝလံထုတ်လုပ်မှုမှာ တန်ချိန် ၁၀၂.၁၃ သန်းရှိပြီး ယခင်နှစ်ထက် တန်ချိန် ၄.၀၆ သန်းပိုမိုကြောင်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၈-၂၀၁၉ ခုနှစ် ကထက် တန်ချိန် ၅.၇၄ သန်းပိုမိုလျှက် စုစုပေါင်း တန်ချိန် ၁၈၈.၉၁ သန်းထွက်ရှိခဲ့ကြောင်း၊ အလားတူ ၂၀၁၉-၂၀၂၀ ခုနှစ်၌ ကြက်သွန်နီ စိုက်ပျိုး မှုမှာလည်း တိုးတက်ခဲ့ရာ တန်ချိန် ၂၆.၀၉ သန်းအထိထွက်ရှိသည်ဟုခန့်မှန်းရပြီး ယခင်နှစ်ထက် တန်ချိန် ၃.၂၇ သန်း ပိုမိုကြောင်း၊ သို့ရာတွင် အာလူး စိုက်ပျိုးထွက်လုပ်မှုမှာ ၂၀၁၈-၂၀၁၉ အောက် တန်ချိန် ၁.၆၃ သန်းခန့် လျော့ကျလျှက် ၂၀၁၉-၂၀၂၀ ခုနှစ်၌ တန်ချိန် ၄၈.၅၆ သန်းခန့် ထွက်ရှိခဲ့သည်ဟုခန့်မှန်းရကြောင်း၊ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၀-၂၀၂၁ သီးနှံစိုက်ပျိုး နှစ်အတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထွက်ရှိနိုင်မှုမှာ ၂၀၁၉-၂၀၂၀ အပြီးသတ် ခန့်မှန်းစာရင်းထက် တန်ချိန် ၅.၈၁ သန်း(တိုးတက်မှု ၁.၈၁%)ပိုမိုလျှက် စုစုပေါင်းတန်ချိန် ၃၂၆.၅၈ သန်းအထိ ထုတ်လုပ်ရရှိရန်မျှော်မှန်းထားကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဟင်းခတ် အမွှေးအကြိုင်နှင့်ပန်းမန်တို့၌ ထုတ်လုပ်မှုလျော့ကျဖွယ်ရှိပြီး ကျန်ရှိသည့်သစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်ထုတ်လုပ်မှုများမှာ တိုးတက်ရရှိမည်ဖြစ်ကြောင်း၊ သစ်သီးဝလံတန်ချိန် ၁၀၃.၂၃ သန်း၊ ဟင်းသီးဟင်းရွက်တန်ချိန် ၁၉၃.၆၁ သန်း၊ ကြက်သွန်နီတန်ချိန် ၂၆.၂၉ သန်းနှင့် အာလူးတန်ချိန် ၅၃.၁၁ သန်းအထိ စိုက်ပျိုးထုတ်လုပ်ရရှိရန် အိန္ဒိယအစိုးရကမျှော်မှန်းလျှက်ရှိကြောင်း သိရှိရပါ သည်။
(ရင်းမြစ်- အိန္ဒိယနိုင်ငံစီးပွားရေးသံမှူးပေးပို့သည့်သတင်း)
တောင်အာဖရိကနိုင်ငံ
တောင်အာဖရိကနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းထုတ်ပစ္စည်းများကို ပိုမိုဝယ်ယူနိုင်ရေး အတွက် ထပ်ဆောင်းမက်လုံးပေးခြင်းများကို ဆောင်ရွက်ခြင်းနှင့် တရားမဝင်တင်သွင်းခြင်းများ ကိုရပ်တန့်သွားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊တောင်အာဖရိကနိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေပြီး လုပ်ငန်းများအလွယ်တကူ ထူထောင်နိုင်ရေး လိုအပ်သော အတားအဆီးများကိုဖြေလျှော့သွားနိုင်ရေး အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊အစိုးရက ပြည်တွင်းထုတ်ပစ္စည်းများဝယ်ယူသွားနိုင်ရေး ကတိကဝတ်ပြုထားပြီးဖြစ် ကြောင်း၊ ပြည်တွင်းထုတ်လုပ်သူများကို အဓိကပံ့ပိုးနိုင်ရန် ပြည်တွင်းဈေးကွက်ကို အားနည်းစေ သည့်တရားမဝင်ကုန်စည်များတင်သွင်းခြင်းများကိုလည်း ရပ်တန့်နိုင်အောင်ကြိုးစားသွားမည်ဖြစ် ကြောင်း၊တရားဝင်ဥပဒေစည်းမျဉ်းများအရ အစိုးရက ကဏ္ဍ ၂၇ ခုအတွက် လိုအပ်သောပစ္စည်း များကို ပြည်တွင်းမှဝယ်ယူရေးစီစဉ်ထားပြီးဖြစ်ကြောင်း၊အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့မှ တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက် လိုအပ်သောပစ္စည်းများကို ပြည်တွင်းထုတ်ပစ္စည်းများအား ရွေးချယ် ဆောင်ရွက်ခြင်းသည်နိုင်ငံ၏စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန်အတွက်အဓိကဆောင်ရွက် သည့်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း၊ပြည်တွင်းထုတ်ပစ္စည်းများဝယ်ယူခြင်းသည် နိုင်ငံ၏စီးပွား ရေး တိုးတက်မှုကိုဖြစ်စေခြင်း၊ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်း၊ဈေးကွက် ချဲ့ထွင်နိုင်ခြင်း နှင့် စီးပွားရေးလုပ်ငန်းများတိုးချဲ့နိုင်ရန် အခွင့်အရေးများစွာ ဖန်တီးပေးနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေ မည်ဖြစ်ကြောင်း၊ ကဏ္ဍအလိုက် အထူးစီမံချက်များ ရေးဆွဲဆောင်ရွက်မှုတွင်လည်း ပြည်တွင်း ကုန်ကြမ်းများဝယ်ယူဆောင်ရွက်နိုင်ရေး ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်း၊ မော်တော်ကား ထုတ်လုပ်မှုအထူးစီမံချက်တွင် အလုပ်အကိုင်အခွင့်အလမ်း နှစ်ဆတိုး၍ ဖန်တီးနိုင်စေရန် ကား ပစ္စည်းထုတ်လုပ်တပ်ဆင်သည့်လုပ်ငန်းတွင် ပြည်တွင်းထုတ်အစိတ်အပိုင်း ၃၉ % မှ ၆၀%အထိ ထည်သွင်းသုံးစွဲရန်သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း၊ သားငါးထုတ်လုပ်မှု အထူး စီမံချက်အရ တောင်အာဖရိကနိုင်ငံ လက်လီဈေးဆိုင်များ၌ ကြက်သားများရောင်းချနိုင်ရန် တစ်ပတ်လျှင် ကြက်ကောင်ရေ အပို ၁ သန်းအထိထုတ်လုပ်နိုင်နေပြီဖြစ်ကြောင်း၊ သကြားထုတ်လုပ်မှု အထူး စီမံချက်တွင် ပြည်တွင်းအချိုရည်ထုတ်လုပ်သူများအနေဖြင့် ပြည်တွင်းကြံစိုက်ပျိုးထုတ်လုပ် သူများနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများမှ ထုတ်လုပ်သော သကြား ၈၀% ကို ဝယ်ယူသုံးစွဲနိုင် ရေးသတ်မှတ်ပေးထားကြောင်း၊ အဝတ်အထည်၊အထည်အလိပ်၊ဖိနပ်နှင့် သားရေကဏ္ဍအတွက် ရန်း တစ်ဘီလီယံတန်ဖိုးရှိ ဒေသတွင်းလုပ်ငန်းများချဲ့ထွင်နိုင်ရေး ထည့်သွင်းကတိကဝတ် ပြု ထားကြောင်း၊ ကိုဗစ်ရောဂါကြောင့် ထိခိုက်ခဲ့သော နိုင်ငံ၏စီးပွားရေးကို ပြန်လည်တည်ဆောက် ရန် ပြည်တွင်းထုတ်ကုန်များ ပိုမိုသုံးစွဲသွားရန်တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
(ရင်းမြစ်-ပရီတိုးရီးယားမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)