ဒိုက်ဦးမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

Powered by Drupal

    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ဇွန်လ (၆)ရက်နေ့ ၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

    သင်တန်းဖွင့်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သက်နှင်းဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများပြောကြားခဲ့ပါသည်။    ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက အမှာစကားပြောကြားခဲ့ပါသည်။

    ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ သင်တန်းမှ သင်ကြားပေးသော အတတ်ပညာများဖြင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များမှ လုပ်ငန်းရှင်များဖြစ်လာသည်အထိ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း၊  စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း လုပ်ငန်းလုပ်ကိုင်လိုသူများအား မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်နှင်းဖြိုးက ထပ်မံ ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှလည်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

      သင်တန်းတွင်  အဝတ်လျှော်၊ ပန်ကန်ဆေး၊ လက်ဆေးဆပ်ပြာဆီများ၊ လျှော်မွေးနှင့် မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့ဖြင့် ငါးရက်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသား ၂၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)