ပေါ်ဦးပေါ်ဖျား ပြည်ခဝဲသီးဈေးကွက်

Powered by Drupal

    ပြည်ခရိုင်အတွင်း မြို့နယ်များရှိဈေးများတွင် ပေါ်ဦးပေါ်ဖျားခဝဲသီးများမှာ ဈေးကောင်းရလျက် ရောင်းချနေကြပါသည်။ ခဝဲသီးအမျိုးအစား (၂) မျိုးရှိပြီး တစ်မျိုးမှာ အပုမျိုးဖြစ်၍ (၅) လက်မ၊ (၆) လက်မခန့်ရှိပါသည်။ အသီးပုံမှာ အမြီးပိုင်းတုတ်ပြီး အဖျားပိုင်းရှူးသွားပါသည်။ ကျန်တစ်မျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်၍ အရင်းအဖျားညီညာပြီး တစ်ဖြောင့်တည်းသေးသွယ်ပါသည်။ အများအားဖြင့် ဇွန်၊ ဇူလိုင်နှင့်ဩဂုတ်လများတွင် စိုက်ပျိုးကြသော်လည်း နွေရာသီတွင် ရေဝအောင်သွင်း၍ စိုက်ပျိုးကြပါသည်။ ယခုအချိန်ထွက်ရှိသောခဝဲသီးများသည် ရေသွင်းစိုက်ပျိုးသော အပင်များမှထွက်ရှိသည့် အရှည်သီးအမျိုးအစားအသီးများဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ဈေးကောင်းရလျက် ရောင်းချနေကြပါသည်။ ပြည်မြို့ဈေးကွက်တွင် ရွှေတောင်မြို့နယ်၊ မီးလောင်ရွာဘက်မှထွက်ရှိသောခဝဲသီးများကို စတင်၍ရောင်းချနေပြီဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ခဝဲသီးတစ်တောင့်လျှင် (၃၀၀) ကျပ်နှင့် (၄၀၀) ကျပ်တို့ဖြင့် ဈေးကောင်းရရောင်းချနေကြောင်း သိရပါသည်။

DOCA(ပဲခူး)