တောင်ငူမြို့နယ်တွင် ယခုနှစ်နွေစပါးစိုက်ပျိုးချိန်က စက်သုံးဆီဈေးနှုန်းအပြောင်းအလဲကြောင့် လယ်တစ်ဧကလျှင် ထယ်ထိုးခ ၄၅၀၀၀ကျပ်၊ ထွန်မွှေခ ၄၅၀၀၀ကျပ် လက်ငင်းပေးရပြီး စပါးပေါ်ချိန်မှပေးပါက ထယ်ထိုးခကို ၁၀၀၀၀၀ ကျပ်နှင့် ထွန်မွှေခကို တစ်ဧကလျှင် ၁၀၀၀၀၀ကျပ်တို့ပေးရပါသည်။
၂၀၂၃ခုနှစ်၊ ဇွန်လတွင် နွေစပါးများရိတ်သိမ်းပြီးစီးပြီဖြစ်ပါသဖြင့် ရိတ်သိမ်းခကို တစ်ဧကလျှင် ၉၅၀၀၀ကျပ်မှ ၁၀၀၀၀၀ကျပ်ထိပေးရပါသည်။ ချွေလှေ့ပြီးသောစပါးများ၏ နေလှန်းခမှာ ယခင်နှစ်တွင် စပါးတင်း၁၀၀လျှင် ၁၅၀၀၀ကျပ်ပေးခဲ့ရပြီး ယခုနှစ်တွင် စပါးတင်း၁၀၀လျှင် ၂၀၀၀၀ကျပ်ပေးရပါသည်။
စပါးဈေးနှုန်းမှာ ယခင်နှစ်ထက်ကောင်းနေပြီး စပါးအထွက်နှုန်းမှာလည်း ယခင်နှစ်ထက် ကောင်းကြပါသည်။ နွေစပါးတစ်ဧကလျှင် တင်း၈၀မှ တင်း၁၀၀ထိထွက်ရှိပြီး ဈေးနှုန်းမှာ တင်း၁၀၀လျှင် ၁၆၀၀၀၀၀ကျပ်မှ ၁၆၅၀၀၀၀ကျပ်ထိရှိပါသည်။
ယခုအခါ မုတ်သုံမိုးရွာသွန်းနေပြီဖြစ်သဖြင့် မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေကြပြီဖြစ်ပါသည်။ မျိုးစပါးတစ်တင်းလျှင် ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိပေးရပါသည်။ "ဒေါင်းမင်း" ပေါင်းသေပင်ကောင်းဆေးတစ်အိတ်လျှင် ၇၈၀၀၀ကျပ်၊ ပုလဲဓာတ်မြေဩဇာ (ထိုင်း) တစ်အိတ်လျှင် ၁၀၈၀၀၀ကျပ်ပေးရပါသည်။
ထယ်ထိုးခနှင့် ထွန်မွှေခမှာ ယခင်နွေစပါးစိုက်ပျိုးချိန်၏ ဈေးနှုန်းအတိုင်းဖြစ်ပါသည်။ ယခုနှစ်နွေစပါးရာသီတွင် သွင်းအားစု၊ မျိုးစပါး၊ စက်ရိတ်ခများမှာ ဈေးနှုန်းမြင့်တက်သော်လည်း စပါးဈေးနှုန်းကောင်းသဖြင့် တောင်သူများအနေဖြင့် အမြတ်များကြောင်း ငါးဖင်အင်းကျေးရွာရှိ နွေစပါးစိုက်ပျိုးသောတောင်သူတစ်ဦးထံမှ သိရပါသည်။
DOCA(ပဲခူး)