“ပို့ကုန်ကဏ္ဍတိုးမြှင့်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့နယ်ရှိ ကော်ဖီနှင့်ထောပတ်အစုအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေး”

Powered by Drupal

     မြန်မာနိုင်ငံကော်ဖီအသင်း (ပြင်ဦးလွင်၊ နောင်ချိုအစုအဖွဲ့)နှင့် မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)နှင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး၊ ပြည်ပသို့တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေးနှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲ အား (၁၃.၆.၂၀၂၃)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီဥယျာဉ်အတွင်း Information  Centre ခန်းမ၌ ကျင်းပခဲ့ပါသည်။

   ဆွေးနွေးပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားအကျိုးစီးပွားပံ့ပိုးနိုင်ရေးအတွက် အဓိကရည်ရွယ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းတာဝန်(၈)ရပ်အပေါ် အဓိကထား​ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား အသေးစိတ်ပြောကြားခဲ့ပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကုန်သွယ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား တင်ပြပေးစေ လိုကြောင်း၊ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။

     မူပိုင်ခွင့်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်တွင် မူပိုင်ခွင့်ဦးစီးဌာနအား (၂၃.၁၂.၂၀၂၀)ရက်တွင် စတင်ဖွဲ့စည်း ခဲ့ကြောင်း၊ (၂၀၁၉)ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ(၄)ခုအား ပြဠာန်းခဲ့ပြီး အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့၏ ကုန်အမှတ်တံဆိပ်များအား ပြန်လည်မှတ်ပုံတင်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။   

     ထို့နောက် ပြင်ဦးလွင်၊ နောင်ချို ကော်ဖီအစုအဖွဲ့ ဥက္ကဌနှင့် ထောပတ်အစုအဖွဲ့ဥက္ကဌများမှ မိမိတို့အသင်း၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြပါသည်။

    အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်ဖီ၊ ထောပတ်လုပ်ငန်းရှင်(၅၀)ဦးခန့် တက်ရောက်ပြီး တက်ရောက်လာသည့်စီးပွားရေးလုပ်ငန်းများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းပေးခဲ့ပြီး ဆွေးနွေးပွဲအခမ်းအနားအား နေ့လယ် (၁၃:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)