ပဲစင်းငုံနှင့်မတ်ပဲ ဈေးကစားသူများကို ထိရောက်စွာအရေးယူရန် အိန္ဒိယဗဟိုအစိုးရက ထပ်မံ ညွှန်ကြား

Powered by Drupal

အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံနှင့်မတ်ပဲ လက်ကျန်ပမာဏကို ကုန်သည်များက ထုတ်ဖော်တင်ပြလျက်ရှိမှုနှင့် ၎င်းပဲများ သိုလှောင်ထားရှိနိုင်မည့် ပမာဏကန့်သတ်ချက်အစီအစဉ်အား ပြည်နယ်အစိုးရအဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေတို့အပေါ်  ပြန်လည်သုံးသပ်ရန်အတွက် စားသုံးသူရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် (Additional Secretary) Ms. Nidhi Khare ဦးဆောင်၍ ပြည်နယ်အဆင့် စားနပ်ရိက္ခာနှင့် မြို့ပြထောက်ပံ့ရေးဦးစီးဌာနများ၊ ဗဟိုသိုလှောင်ရုံ ကော်ပိုရေးရှင်းနှင့် ပြည်နယ်အဆင့် သိုလှောင်ရုံကော်ပိုရေးရှင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် အစည်းအဝေးတစ်ရပ်ကို ဇွန်လ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးအပြီး သတင်းထုတ်ပြန်ရာတွင် ပြည်တွင်း၌ ပဲစင်းငုံနှင့် မတ်ပဲ ဈေးနှုန်းများကို စဉ်ဆက်မပြတ်စောင့်ကြည့်ကြပ်မတ်ရန်နှင့် ၎င်းပဲများ လက်ဝယ်သိုလှောင်ထားရှိနိုင်မည့် ပမာဏကန့်သတ်ချက်ကို ဖောက်ဖျက်ကျူးလွန် သူများအား ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ဗဟိုအစိုးရမှ ပြည်နယ်အစိုးရအဖွဲ့များသို့ ညွှန်ကြားခဲ့ကြောင်း၊  ဗဟိုနှင့် ပြည်နယ်အဆင့် သိုလှောင်ရုံကော်ပိုရေးရှင်းများ အနေဖြင့်လည်း ၎င်းတို့သိုလှောင်ရုံများရှိ ပဲစင်းငုံနှင့် မတ်ပဲလက်ကျန် အသေးစိတ်အချက်အလက်များကို ပုံမှန်အစီရင်ခံတင်ပြရန် ညွှန်ကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါအစည်းအဝေးတွင် ပဲစင်းငုံနှင့် မတ်ပဲတို့နှင့်စပ်လျဉ်း၍ ဗဟိုနှင့် ပြည်နယ်အဆင့် သိုလှောင်ရုံကော်ပိုရေးရှင်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ထုတ်ဖော်ကြေညာထားသည့် ကုန်လက်ကျန် အခြေအနေ၊ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် လက်လီဈေးနှုန်းများ အခြေအနေ၊ ဈေးကွက်၌ ပါဝင်လုပ်ကိုင်နေသူများ၏ အစိုးရကုန်စည်အချက်အလက်စင်္ကြန်သို့ ထုတ်ဖော်တင်ပြသည့်ပမာဏနှင့် အရောင်းဝယ်ပြုလုပ်ရာတွင် ဘဏ်များ၌ ဖော်ပြသည့် ကုန်ပမာဏတို့ ကွဲလွဲချက်များ ဖြစ်ပေါ်မှု ရှိ/မရှိ တိုက်ဆိုင်စိစစ်ရန် ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စားသုံးသူများ၏ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်မှုကို ပိုမိုကောင်းမွန်စေရန်နှင့်  သိုလှောင်ဈေးကစားမှုများကို တားဆီးနိုင်ရန်အတွက် ဇွန်လ ၂ ရက်နေ့တွင် အိန္ဒိယအစိုးရသည် လုပ်ငန်းအဆင့်အလိုက် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ပဲစင်းငုံနှင့် မတ်ပဲ သို‌လှောင်ထားရှိနိုင်မည့် ပမာဏကန့်သတ်ချက်များကို ချမှတ်ခဲ့ပါသည်။

လက်ကားရောင်းချသူများ အနေဖြင့် တန် ၂၀၀ အထိလည်းကောင်း၊ လက်လီရောင်းချသူများသည် ၅ တန် အထိလည်းကောင်း၊ ကွန်ယက်ဖြန့်ကျက်၍ အကြီးစား လက်လီရောင်းချသည့် လုပ်ငန်းများအနေဖြင့် သိုလှောင်ရုံ၌ တန် ၂၀၀ အထိနှင့် လက်လီဆိုင်များတွင်  ၅ တန် အထိကို လည်းကောင်း၊ ပဲကြိတ်ခွဲစက် လုပ်ငန်းများအနေဖြင့် နှစ်စဉ်ကြိတ်ခွဲ ထုတ်လုပ်မှုပမာဏ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် နောက်ဆုံး သုံးလအတွင်း ကြိတ်ခွဲထုတ်လုပ်ခဲ့သည့် ပမာဏတို့အနက် များရာပမာဏကို လည်းကောင်း ပဲစင်းငုံနှင့် မတ်ပဲ သို‌လှောင်ထားရှိနိုင်မည့် အများဆုံးပမာဏများအဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

Source: Business Standard, 15 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)