ဥရောပသမဂ္ဂ၏ ဥပဒေအသစ်က ကုမ္ပဏီကြီးများ၏ စားအုန်းဆီတင်ပို့မှုအပေါ် သက်ရောက်မှု မရှိနိုင်

Powered by Drupal

ဥရောပသမဂ္ဂ (EU) ၏ သစ်တောပြုန်းတီးခြင်းနှင့် ဆက်နွှယ်နေသည့် ကုန်စည်များကို တားမြစ်ခြင်းဆိုင်ရာ ဥပဒေသစ်သည် စားအုန်းဆီကုမ္ပဏီကြီးများအပေါ်  ထိခိုက်မှုမရှိနိုင်ကြောင်း မလေးရှားနိုင်ငံရှိ အကြီးဆုံးစားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီနှစ်ခုက ဇွန်လ ၁၂ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်တင်ပို့သူများဖြစ်ကြသည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့အနေဖြင့် အဆိုပါဥပဒေသည် တစ်ဖက်သက်ခွဲခြားခြင်းဖြစ်သည့်အပြင် အီးယူ၏ စားသုံးဆီဈေးကွက်ကို ကာကွယ်ရန် ရည်ရွယ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားထားသည်။ တနင်္လာနေ့၌ ကျင်းပပြုလုပ်ခဲ့သော စားအုန်းဆီလုပ်ငန်းညီလာခံတွင် မလေးရှား ဆီအုန်းစိုက်ပျိုးထုတ်လုပ်သူများ ဖြစ်ကြသည့် Sime Darby နှင့် United ကုမ္ပဏီတို့က သစ်တောပြုန်းတီးခဲ့သည့် မြေများ အပေါ်တွင် စိုက်ပျိုးခြင်းမရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ အဆိုပါဥပဒေအသစ်ကို လိုက်နာရာတွင် အခက်အခဲမရှိကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

United ကုမ္ပဏီမှ အမှုဆောင်အရာရှိ Carl Bek Nielsen က လွန်ခဲ့သော ၁၀ နှစ်မှ ၁၅ နှစ် ကြာကာလကတည်းကပင် မလေးရှားကုမ္ပဏီကြီးအများစုအနေဖြင့် သစ်တောပြုန်းတီးမြေနှင့် သစ်ဆွေးမြေများအပေါ် စိုက်ပျိုးမှုမပြုလုပ်ရန် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်၍ ၎င်းတို့အတွက် ပြဿနာမဟုတ်ကြောင်း၊ သို့သော် လုပ်ကွက်ငယ်များအတွက် စိုးရိမ်စရာ ဖြစ်နိုင်ကြောင်းဖြင့် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

Sime Darby Plantation's Group ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mohamad Helmy Othman Basha က ဆီအုန်းစိုက်ပျိုးထုတ်လုပ်သည့် ကုမ္ပဏီကြီးများ၏ ထုတ်လုပ်မှုကွင်းဆက်သို့ ပါဝင်ပေးသွင်းလျက်ရှိသော လုပ်ကွက်ငယ် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အီးယူ၏ ဥပဒေအသစ်အရ လိုအပ်ချက်ဖြစ်သည့် ၎င်းတို့၏ စားအုန်းဆီထုတ်လုပ်မှုအားလုံးကို နောက်ကြောင်း ခြေရာခံဆောင်ရွက်ရန်မှာ ခက်ခဲသည်ကို တွေ့ရကြောင်း၊ သို့သော် ကုမ္ပဏီကြီးများအတွက်မူ လိုက်နာရန် အခက်အခဲမရှိကြောင်း ပြောဆိုခဲ့သည်။

အီးယူ၏ဥပဒေသစ်အရ ထုတ်လုပ်သူများအနေဖြင့် ၎င်းတို့ တင်ပို့သော ထုတ်ကုန်များ အတွက် မည်သည့်နေရာနှင့် မည်သည့်အချိန်တွင် စိုက်ပျိုးထုတ်လုပ်သည်ကို ဖော်ပြသည့် စာရွက်စာတမ်း အထောက်အထားများကို တင်ပြရမည့်အပြင် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း သစ်တော ပြုန်း တီးမှုရှိသည့် မြေနေရာများတွင် စိုက်ပျိုးခြင်းမဟုတ်ကြောင်း စိစစ်အတည်ပြုနိုင်မည့် အချက် အလက်များကိုပါ ဖော်ပြရမည်ဖြစ်ပါသည်။  သို့မဟုတ်ပါက ကြီးမားသော ဒဏ်ကြေးများ ချမှတ်ခံရမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ခြုံငုံကြည့်လျှင် ဆီအုန်းစိုက်ပျိုးမှုဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော လုပ်ကွက်ငယ် လုပ်ငန်းရှင်များမှာ ၇ သန်းကျော်ရှိကြောင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် လုပ်ကွက်ငယ်များမှာ စားအုန်းဆီထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

Source: Reuters, 12 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)