အိန္ဒိယဈေးကွက်သို့ ထိုင်းစားအုန်းဆီများ ဝင်ရောက်မှု မြင့်တက်ခဲ့ခြင်း

Powered by Drupal

၂၀၂၂ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီ တင်ပို့မှုကိုတားမြစ်ခဲ့သည့် နောက်ပိုင်း၌ ကမ္ဘာ့ဈေးကွက်တွင် စားသုံးဆီပြတ်လပ်မှုကြောင့် အငယ်တန်းအဆင့်  စားအုန်းဆီတင်ပို့သည့် ထိုင်းနိုင်ငံအတွက် အိန္ဒိယသို့ စားအုန်းဆီကြမ်းများကို ပေးသွင်းနိုင်မည့် အခွင့်အလမ်း ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်ရာ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့နှင့် မတူညီပဲ စားအုန်းဆီ တင်ပို့မှုအပေါ် ပို့ကုန်ခွန် စည်းကြပ်ကောက်ခံမှု မရှိသည့် ထိုင်းနိုင်ငံသည် ယခုအခါ အိန္ဒိယသို့  စားအုန်းဆီကြမ်း တင်ပို့မှုတွင် အရေးပါသည့် အနေအထားသို့ ရောက်ရှိလာကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည် အိန္ဒိယအတွက် အဓိကစားအုန်းဆီကြမ်းပေးသွင်းသည့် နိုင်ငံကြီးများ ဖြစ်လျက်ရှိသော်လည်း အိန္ဒိယနိုင်ငံ၏ ၂၀၁၉-၂၀၂၀ စားအုန်းဆီတင်သွင်းမှု ရာသီ (နိုဝင်ဘာလမှ အောက်တိုဘာလထိ) ၌ ထိုင်းနိုင်ငံ အနေဖြင့် ဈေးကွက်ဝေစု ၁.၃၇% ရရှိရာမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၁၁.၆၅% သို့ လည်းကောင်း၊  ၂၀၂၂ -၂၀၂၃ ခုနှစ် ဈေးကွက်ရာသီ၏ ပထမ ၆ လအတွင်း၌ပင် ၁၅.၂၄% အထိသို့လည်းကောင်း ဈေးကွက်ဝေစု တိုးတက်တင်ပို့နိုင်ခဲ့သည်။ အိန္ဒိယ ဆီစက်လုပ်ငန်းရှင်များအသင်း (SEA) ၏ အချက်အလက်များအရ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုမှာ တန်ချိန် ၉၀၉၉၈ ရှိခဲ့ရာ ၂၀၂၁-၂၀၂၂ ခုနှစ်၌ တန်ချိန် ၆.၉၈ သိန်းအထိ တိုးမြှင့်တင်ပို့နိုင်ခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၀၂၃ ခုနှစ် ပထမ ၆ လ အတွင်း စားအုန်းဆီ တန်ချိန် ၅.၇၃ သိန်းကို ထိုင်းနိုင်ငံထံမှ ဝယ်ယူတင်သွင်းခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန (USDA) ၏ ဇွန်လအစီရင်ခံစာပါ “စားသုံးဆီ၏ ကမ္ဘာ့ဈေးကွက်နှင့် ကုန်သွယ်မှုအခြေအနေ” ခေါင်းစဉ်ဖြင့် ဖော်ပြထားသော ပြည်ပနိုင်ငံများ၏ လယ်ယာဝန်ဆောင်မှုကဏ္ဍ၌ ထိုင်းနိုင်ငံသည် ဆီအုန်းတန်ချိန် ၃.၅ သန်းခန့် ထုတ်လုပ်ကြောင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့၌ ပြည်ပတင်ပို့နိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှု အခက်အခဲ ဖြစ်ပေါ်ခဲ့သည့် ၂၀၂၁-၂၀၂၂ ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံအနေဖြင့် အိန္ဒိယဆီအုန်းဈေးကွက်တွင် ဝေစု ၁၀% ကျော် ရယူနိုင်သည်အထိ တိုးတက်ခဲ့သည့်အပြင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင်လည်း အဆိုပါ ဝေစုရရှိမှုမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်ပသို့ စားအုန်းဆီ တင်ပို့မှုမှာ တန်ချိန် ၉ သိန်းအထိ တိုးတက်လျက် တတိယအကြီးဆုံး တင်ပို့သူဖြစ်လာမည်ဟု ခန့်မှန်းရကြောင်း  ဖော်ပြခဲ့သည်။

အိန္ဒိယ SEA အသင်း၏ အမှုဆောင်ဒါရိုက်တာ Mr. BV Mehta ၏ ပြောဆိုမှုအရ ထိုင်းနိုင်ငံမှ တင်ပို့သည့် သယ်ယူပို့ဆောင်မှုအခြေအနေ ကောင်းမွန်ခြင်းနှင့် အင်ဒိုနီးရှားနှင့် မလေးရှားတို့၏ ရေကြောင်းခရီးသည် ၁၀ ရက်မှ ၁၂ ရက်ခန့် ကြာမြင့်ခြင်းတို့အပြင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှ အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ မည်သည့်ဆိပ်ကမ်းသို့မဆို သယ်ပို့နိုင်သော ရေကြောင်းခရီးသည် ၄ - ၅ ရက်သာ ရှိခြင်းကလည်း ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်းသိရသည်။

Source: The Hindu Business Line, 14 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)