အိန္ဒိယအနေဖြင့် ၂၀၂၄ ခုနှစ် သကြားရာသီ ပထမနှစ်ဝက်အထိ တင်ပို့မှုများအား ကန့်သတ်

Powered by Drupal

အယ်လ်နီညိုရာသီပုံစံကြောင့် မိုးရွာသွန်းမှုလျော့နည်းခြင်းနှင့် ထုတ်လုပ်မှုလျော့ကျခြင်းတို့ ဖြစ်ပေါ်လာနိုင်မှုအပေါ် စိုးရိမ်မှုများအရ လာမည့် ၂၀၂၄ ခုနှစ် ရောင်းဝယ်ရေးရာသီ ပထမနှစ်ဝက်အထိ အနည်းဆုံးကာလအဖြစ် သကြားတင်ပို့မှုအား အိန္ဒိယနိုင်ငံအနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း အစိုးရအရင်းအမြစ်များအရ သိရှိရသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး သကြားတင်ပို့သူ အိန္ဒိယအနေဖြင့် အောက်တိုဘာ ၁ ရက်တွင် စတင်သည့် ရောင်းဝယ်ရေးရာသီအသစ် မစတင်မီကာလတွင် သကြားစက်ရုံများ၏ တင်ပို့မှုနိုင်မှုပမာဏကို သတ်မှတ်ဆုံးဖြတ်လေ့ရှိရာ အိန္ဒိယမှ တင်ပို့မှု နောက်ကျခြင်းသည် နှစ်ပေါင်းများစွာ ကြီးမြင့်နေသော ကမ္ဘာ့သကြားဈေးကွက်ကို သက်ရောက်မှုရှိနိုင်သည်လည်းဖြစ်သည်။

အစိုးရအရာရှိတစ်ဦး၏ ပြောကြားမှုတွင် ရာသီဥတုသည် အဆိုးရွားဆုံးထိခိုက်မှုဖြစ်စေ သည့် အကြောင်းအရင်းခံတစ်ခုဖြစ်ကြောင်း၊ ယခင်နှစ်တွင် မုတ်သုံမိုးကောင်းမွန်သော်လည်း သကြားထုတ်လုပ်မှုကျဆင်းခဲ့ကြောင်း၊ ယခုနှစ် အယ်လ်နီညို ကြောင့် တင်ပို့မှုအား အစောပိုင်းကာလအထိ ခွင့်ပြုမည်မဟုတ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း(၇၀)အတွင်း အယ်လ်နီညိုကြောင့် အိန္ဒိယတွင် မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်ခဲ့ရာ ယခုနှစ်တွင်လည်း ရာသီဥတုပြင်းထန်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်စေ နိုင်ကြောင်း၊ ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ သေချာသောခန့်မှန်းမှုများ ရရှိစေနိုင်ရန် အချိန်ကာလတစ်ခုအကြာ စောင့်ဆိုင်းဖို့ လိုအပ်ကြောင်း၊ တင်ပို့မှုများနှင့်စပ်လျဉ်း၍ အလျင်စလို ဆောင်ရွက်မည်မဟုတ်ကြောင်းဖြင့် သိရသည်။

လက်ရှိသကြားရာသီနှစ်အစမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ သကြား တန်ချိန် ၃၆ သန်း ထွက်ရှိရန် မူလက ခန့်မှန်းခဲ့သော်လည်း တန်ချိန် ၃၂.၈ သန်းအထိ ထုတ်လုပ်မှု ကျဆင်းခဲ့သည်။ အထွက်ပမာဏ လျော့နည်းမှုကြောင့် အိန္ဒိယ အစိုးရ ယခုနှစ်ရာသီအတွက် သကြားတန်ချိန် ၆.၁ သန်းကိုသာ တင်ပို့ခွင့်ပြုခဲ့သည်။ အကယ်၍ ၂၀၂၃-၂၀၂၄ ရာသီနှောင်းပိုင်း၌ တင်ပို့ခွင့်ပြုပါကလည်း တန်ချိန် ၄ သန်းထက် ပိုမိုမည် မဟုတ်ကြောင်း အစိုးရအရာရှိများက ပြောဆိုကြသည်။ အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ်အတွင်း ပြည်နယ်အချို့၌ ရွေးကောက်ပွဲများကျင်းပမှုနှင့် ၂၀၂၄ ခုနှစ် နှစ်လယ်ကာလတွင် ဆောင်ရွက်မည့်အထွေထွေရွေးကောက်ပွဲမတိုင်မီ၌ စားသောက်ကုန်ဈေးနှုန်းများကို ထိန်းသိမ်းထားနိုင်ရန် လိုလားမှုရှိကြောင်း သိရသည်။

မွန်ဘိုင်းအခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၂ တွင် သကြားတန်ချိန် ၁၁ သန်းကျော် တင်ပို့ခဲ့ရာ အမြင့်မားဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့သကြားဈေးကွက်၌ ဈေးနှုန်းများသည် ၁၁ နှစ်နီးပါး မြင့်မားခဲ့ရာ အိန္ဒိယ၏ သကြားများအား ပိုမိုလိုအပ်လျက်ရှိကြောင်း၊ အိန္ဒိယ၏ တင်ပို့ရန်နှောင့်နှေးမှုများသည် ဘရာဇီးရောင်းချသူများအား မြင့်မားသော ဈေးနှုန်းများ တောင်းဆိုရန် ခွင့်ပြုသကဲ့သို့ရှိပြီး သကြားဈေးနှုန်းမှာ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်းဖြင့် သိရသည်။

Source: The Economic Times, 12 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)