ဗီယက်နမ်နိုင်ငံနှင့် အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂ဝ၂၅ တွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော် ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Tran Phu Lu က ဟိုချီမင်းမြို့တော်သည် မလေးရှားရင်းနှီး မြှုပ်နှံသူများအတွက် နှစ်လိုဖွယ်စီးပွားရေး ပတ်ဝန်းကျင်ကောင်းဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တို့ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို တိုးတက်စေရန် ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့သည် ခရီးသွားလာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံနှင့်နည်းပညာကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၂ဝ၂၂ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးမှာ ဒေါ်လာ ၁၄.၈ ဘီလီယံရောက်ရှိခဲ့ ပြီး ဗီယက်နမ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ တင်ပို့မှုမှာ ဒေါ်လာ ၅.၅၇ ဘီလီယံနှင့် တင်သွင်းမှုမှာ ဒေါ်လာ ၉.၁ ဘီလီယံ ရှိခဲ့ပါသည်။ ၂ဝ၂၂ ခုနှစ်အတွင်း ဟိုချီမင်းမြို့တော်၏ မလေးရှားနိုင်ငံနှင့် စုစုပေါင်းတင်ပို့မှု၊ တင်သွင်းမှုကို ဒေါ်လာ ၅.၄ ဘီလီယံ ရှိမည်ဟုခန့်မှန်းခဲ့သဖြင့် နှစ်အလိုက် ၈% မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ အဓိကတင်ပို့သောပစ္စည်းများမှာ စက်ပစ္စည်းများနှင့် ကိရိယာအစိတ်အပိုင်းများ၊ ကွန်ပျူတာများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် အစိတ်အပိုင်းများ၊ သံမဏိ၊ ရေနံနှင့်ဓာတုပစ္စည်းများ ဖြစ်ကြပါသည်။
မလေးရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ၁ဝ ခုမြောက်အကြီးမားဆုံးကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်ဖက်နိုင်ငံများမှာ နှစ်နိုင်ငံကုန်သွယ်မှုကို ဖွံ့ဖြိုးတိုးတက်စေသည့် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူညီချက်အဖွဲ့ဝင်နိုင်ငံများ လည်းဖြစ်ကြပါသည်။ မလေးရှားနှင့်ဗီယက်နမ်နိုင်ငံတို့မှ အဖွဲ့ဝင်များအဖြစ် ပါဝင်သည့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်စာချုပ်များမှာ ဒေသတွင်း ပြီးပြည့်စုံသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (Regional Comprehensive Economic Partnership-RCEP)၊ ပြီးပြည့်စုံ၍ တိုးတက်သော သုံးပွင့်ဆိုင် ပစိဖိတ်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (the Comprehensive and Progressive Agreement for Trans-Pacific Partnership-CPTPP)၊ အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူညီချက် (the ASEAN Trade in Goods Agreement-ATIGA) နှင့် အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသသဘောတူညီချက် (the ASEAN Free Trade Area-AFTA) တို့ဖြစ်ကြပါသည်။
၂ဝ၂၃ ခုနှစ် မတ်လအကုန်ပိုင်းတွင် မလေးရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံတွင် ဒေါ်လာ ၄.၉ ဘီလီယံ တန်ဖိုးရှိသော စီမံကိန်း ၃၂၉ ခု ကို ရင်းနှီးမြှုပ်နှံထားပြီး ဗီယက်နမ်နိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံထားသောနိုင်ငံပေါင်း ၁၁၆ နိုင်ငံအနက် ဆဌမမြောက် အဆင့်ရှိကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ၁၉၇၃ ခုနှစ်မှစတင်၍ သံတမန်ဆက်သွယ် ဆောင်ရွက်ခဲ့ပြီး ထိုမှတစ်ဆင့် မဟာဗျူဟာကျသောပူးပေါင်းဆောင်ရွက်မှုသို့ ၂ဝ၁၅ ခုနှစ်တွင် တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။
Source: Vietnam News Agency (VNS), 13 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)