အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအခမ်းအနား၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအခမ်းအနားကို (၁၃.၆.၂၀၂၃)၊ နံနက်(၀၉:၀၀) နာရီတွင် အမှတ်(၁)အခြခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး(ဌာနခွဲစာရေး)က စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့် မူးယစ်အန္တရာယ်” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်‌ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါး ဆိုးကျိုးများနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်မြတ်မြတ်မိုးက “Online Shopping” နှင့် ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်အချက်များကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တာဝန်ခံဦးစီးမှူး ဒေါ်ဆုဆုဇင်က “သဘာဝပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တော၊ သစ်ပင်ထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောမြဖောင်းက “ဆရာနှင့် ကျောင်းသား လက်တွဲလို့ သဘာဝဘေးကို အံတုစို့” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအမျိုးမျိုး၏ ဆိုးကျိုးနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို သိရှိနားလည်ပြီး ရှောင်ကြဉ်နိုင်ရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မူးယစ်အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များအား ခင်းကျင်းပြသခဲ့ပြီး ဝန်ထမ်းများမှ မူးယစ်ဆေးဝါးအကြောင်း အသိပညာ‌ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်လည် ရှင်းလင်းဖြေကြားပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထို့နောက်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ဟောပြောပွဲ တက်‌ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ဌာနအလိုက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့ ကြောင်းသိရှိရပါသည်။

DOCA(မကွေး)