ပခုက္ကူမြို့နယ်ရှိ ရွှေတန်းတစ်ကျေးရွာ၌ တစ်နိုင်တစ်ပိုင် ဝါးထောင်လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိ

Powered by Drupal

    ပခုက္ကူမြို့နယ်ရှိ ရွှေတန်းတစ်ကျေးရွာတွင် ယာလုပ်ငန်းများအပြင် တစ်နိုင်တစ်ပိုင် ဝါးထောင်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ ရှေးယခင်ကတည်းကပင် မိသားစုလိုက် တစ်နိုင်တစ်ပိုင် ဝါးကပ်၊ ထရံ၊ ဝန်းထရံများကို ယက်လုပ်ကြကြောင်းသိရှိရပါသည်။

    ဝါးအမျိုးအစား အမျိုးပေါင်း(၂၀)ကျော်ရှိရာ ပခုက္ကူမြို့ပေါ်နှင့် ကျေးရွာများရှိ ဝါးထောင်ပိုင်ရှင်များမှာ မျှင်ဝါး၊ တင်းဝါး၊ မဲတင်းကားဝါးများကိုသာအသုံးများ၍ ရောင်းချကြကြောင်းသိရှိရသည်။ ထိုဝါးများကို ယခင်အချိန်၌ ဗန်းမော်၊ ကသာ၊ မုံရွာနှင့် ရေစကြိုမြို့နယ်များမှ ဝင်ရောက်လျက်ရှိပြီး သယ်ယူရာတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့မှ မျိုးတူဝါးများကို ဝါးဖောင်များပြုလုပ်၍ သယ်ယူကြကြောင်း၊ ဝါးတစ်ဖောင်လျှင် အလုံးပေါင်း(၅)ထောင်မှ (၁)သောင်းထိပါဝင်ကြောင်း၊ ယခုအခါအတွင် ပေါက်၊ မြစ်ခြေ၊ ပျဉ်းချောင်းဘက်တို့မှ ကားဖြင့် သယ်ယူရကြောင်း၊ ကားတစ်စီးလျှင် အလုံးပေါင်း (၂၀၀၀) ခန့်ပါဝင်ကြောင်းသိရှိရသည်။

    မျှင်ဝါးများမှာ တစ်လုံးလျှင် လက်ကားဈေးအနေဖြင့် ကျပ်(၇၀၀)မှ ကျပ်(၈၀၀)ရှိပြီး လက်လီဈေးမှာ ကျပ်(၉၀၀)မှ ကျပ်(၁၀၀၀)ရှိကြောင်း၊ မျှင်ဝါးများကို ကြမ်းခင်းခြင်း၊ လှေခါးများပြုလုပ်ခြင်း၊ ဝန်းထရံများပြုလုပ်ရာတွင် အသုံးပြုကြောင်းသိရှိရသည်။ ဝန်းထရံဈေးမှာ အလျား(၁၀)တောင်၊ အနံ(၃)‌တောင်ထွာတစ်ချပ်လျှင် ကျပ်(၁၃၀၀၀)၊ အလျား(၁၀)တောင်၊ အနံ(၄)တောင်တစ်ချပ်လျှင် ကျပ်(၁၆၀၀၀)၊ အလျား(၁၀)တောင်၊ အနံ(၅)တောင်တစ်ချပ်လျှင် ကျပ်(၂၀၀၀၀-၂၅၀၀၀)ခန့်ရှိကြောင်းသိရှိရပါသည်။

    တင်းဝါးများကို ဝါးကပ်များ၊ ထရံများ၊ ဝါးကျည်တောက်များ၊ တောင်း၊ စကော၊ စကာများပြုလုပ်ရာတွင် အသုံးပြုကြပြီး တင်းဝါးတစ်လုံးလျှင် လက်ကားဈေးအနေဖြင့် ကျပ်(၁၀၀၀)ရှိပြီး လက်လီအနေဖြင့် ကျပ်(၁၂၀၀)ရှိကြောင်းသိရှိရသည်။ အဆောက်အဦများပြုလုပ်ရာတွင် မိုးသော အမိုးဝါးကပ်များ၊ ဝန်းထရံများယက်လုပ်ရာတွင် မိသားစုလိုက် ယက်လုပ်ကြပြီး အလျား(၆ပေ၊ ၉လက်မ)၊ အနံ(၁၄)လက်မရှိ အမိုးဝါးကပ်တစ်ချပ်လျှင် ရောင်းဈေးမှာ ကျပ်(၃၅၀)ရှိပြီး အမိုးဝါးကပ် အချပ်ရေ(၁၀၀)လျှင် ကျပ်(၃၅၀၀)ရှိကြောင်း၊ ဝါးထရံဈေးများမှာ အလျား(၅၀)တောင်၊ အနံ(၃) တောင်ထွာတစ်ချပ်လျှင် ကျပ်(၇၅၀၀၀)ခန့်၊ အလျား(၅၀)တောင်၊ အနံ(၄)တောင်ကြောတစ်ချပ်လျှင် ကျပ်(၁)သိန်း၊ အလျား(၅၀)တောင်၊ အနံ(၅)တောင်ကြောတစ်ချပ်လျှင် ကျပ်(၁၂၅၀၀၀)ခန့်ရှိပြီး ဝယ်ယူသူများက လိုအပ်သလို အတောင်အရေအတွက်ကိုလိုက်၍ ရောင်းချရကြောင်းသိရှိရသည်။

   မဲတင်းကားဝါးများကိုလည်း ဝါးကပ်၊ ထရံများပြုလုပ်ရာတွင် အသုံးပြုကြပြီး တစ်လုံးလျှင် လက်ကားဈေးအနေဖြင့် ကျပ်(၁၅၀၀)ရှိပြီး လက်လီဈေးမှာ ကျပ်(၁၈၀၀)ရှိကြောင်း၊ ဝါးပိုး၊ ဝါးနက်များမှာ အိမ်တိုင်များပြုလုပ်ခြင်း၊ ရေတန်လျှောက်များပြုလုပ်ရာတွင် အသုံးပြုပြီး တစ်လုံးလျှင်လက်ကားဈေးအနေဖြင့် ကျပ်(၃၀၀၀)ရှိပြီး လက်လီဈေးမှာ ကျပ်(၃၅၀၀)ရှိကြောင်း၊ ထီးရိုးဝါးများမှာ သေးသေးမာမာလေးဖြစ်ရာ တောင်ဝှေ့များပြုလုပ်ခြင်း၊ ကလေးကစားစရာ သေနတ်များပြုလုပ်ရာတွင် အသုံးပြုကြောင်း၊ တစ်လုံးလျှင် လက်ကားဈေးအနေဖြင့် ကျပ်(၁၀၀၀)ရှိပြီး လက်လီဈေးမှာ ကျပ်(၁၃၀၀)ရှိကြောင်းသိရှိရသည်။

     အကျိုးအမြတ်အနေဖြင့် ဝါးများကို ယော၊ ပျဉ်းချောင်းဘက်မှ ကားဖြင့်သယ်ယူရပြီး ကားတစ်စီးလျှင် အလုံးရေ(၂၀၀၀)ခန့်ပါဝင်ကြောင်း၊ ကုန်ကျငွေမှာ ကျပ်(၁၆)သိန်းခန့်ရှိကြောင်း၊  ပြန်လည်ရောင်းချရာတွင် ဝါးကပ်၊ ထရံများ၊ ဝန်းထရံများပြုလုပ်ခြင်းနှင့် ဝါးလုံးတစ်လုံးချင်းရောင်းချခြင်းဖြင့် ပျမ်းမျှကျပ်(၂)သိန်းခန့်အမြတ်ရရှိကြောင်း၊ တစ်လချင်းစီ၌ ဝင်ရောက်မှုမှာ ပုံမှန်မဟုတ်သော်လည်း ကုန်ပစ္စည်းများရောင်းအားကောင်းမှုပေါ်မူတည်၍ ကားအစီးရေများဝင်ရောက်လျက်ရှိကြောင်း၊ ယခုအခါတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝါးကပ်၊ ထရံများမှာ အသုံးနည်းပြီး ဝါးလုံးများကိုသာ တစ်လုံးချင်းသော်လည်းကောင်း၊ အများစုသော်လည်းကောင်း အများဆုံးရောင်းချရကြောင်း ရွှေတန်းတစ်ကျေးရွာရှိ ဝါးထောင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။ 

DOCA(မကွေး)