ပန်းတိမ်မနိုင် (ခေါ်) ပန်တိမ်ငိုပန်းကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိရာ နတ်တလင်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြပါသည်။ ခြံစိုက် တောင်သူ များ အနေဖြင့် စိုက်ခင်းများဖြင့် စီးပွားဖြစ် စိုက်ပျိုးကြသလို ပန်းအိုးများဖြင့်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ အရောင်အားဖြင့် အဖြူ၊ ခရမ်းနှင့် ပန်းရောင်ဟူ၍ အရောင်သုံးမျိုး ထွက်ရှိပါသည်။ ပန်းခိုင်များ စောစီးစွာထွက်ရှိပြီး ဈေးကွက်အတွင်း ဈေးကောင်းရရှိရန်အတွက် ဧပြီလမှစကာ နှစ်လခန့်မှ ကြို၍ ရေလောင်းပေးရပြီး ဇွန်လဆန်းပိုင်းတွင် ဈေးကွက်ဝင်ပန်းခိုင်များ စတင်ထွက်ရှိ ပါသည်။ မိုးရေကို ပိုမိုကြိုက်နှစ်သက်ကြောင်းလည်း သိရှိရပါသည်။
စိုက်ခင်းများ စိုက်ပျိုးရာတွင် မျိုးဥများကို တစ်ခါစိုက်ပျိုးပြီးပါက နှစ်စဉ်စိုက်ခင်းသစ်များ ပြန်လည်စိုက်ပျိုးရန်မလိုပဲ မျိုးဥများ ပုပ်သွား (သွန်သွား) မှသာ အပင်အစားထိုးစိုက်ပျိုးခြင်းများ ပြုလုပ်ပေးရပါသည်။အပင်အစားထိုးစိုက်ပျိုးခြင်းများ ပြုလုပ်ရန်အတွက် မိုးနှောင်းပိုင်းကာလ အပင်ပွားများ ပွားစည်ချိန်တွင် သားတက်များခွဲ၍ စိုက်ပျိုးပေးရပါသည်။ အပင်နှင့် အပွင့်များ ကြီးထွားရန်အတွက် အပင်နှင့် အပွင့်အားဆေးများ သုံးစွဲပေးရပြီး ရောဂါဒဏ်ကာကွယ်ရန် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများလည်း သုံးစွဲပေးရကြောင်း သိရှိရပါသည်။
ပန်းများ စတင်ပေါ်ခါစတွင် ဒေသတွင်းမြို့နယ်များကိုသာ ဖြန့်ဖြူးပေးနိုင်သော်လည်း ပန်းများ လှိုင်လှိုင်ပေါ်သည့်အချိန်တွင် ပန်းခိုင်ရေ (၂၅-၅၀)ခိုင်စီ အထုံးများထုံး၍ အင်ဖက်များဖြင့် ထုတ်ပိုးကာ ပြည်၊ မကွေး၊ သုံးဆယ်၊ ဥက္ကံ၊ ရန်ကုန်မြို့များသို့ ပန်းကုန်သည်များမှ တဆင့် တင်ပို့ ရောင်းချလျက်ရှိပြီး ယခုဇွန်လ ဒုတိယပတ်တွင် ပန်းတိမ်မနိုင်ပန်း တစ်ခိုင်လျှင် (၃၀၀-၃၅၀) ကျပ်နှုန်းဖြင့် ပန်းကုန်သည်များမှ အိမ်တိုင်ရာရောက် ဝယ်ယူလျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)