၂၀၂၁ ခုနှစ်၊ မေလအစမှလကုန်ရက်အတွင်း မွန်ပြည်နယ်၏ဆန်ဈေးနှုန်းမှာ ဆက်တိုက်ဈေးတက်မှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ မေလ (၃) ရက်နေ့တွင် မွန်ပြည်နယ်၌ ဆန်ဈေးနှုန်းများမှာ ပေါ်ကျွဲ (ဆန်သား ၈၀) (၁၀၈) ပေါင် တစ်အိတ်လျှင် (၃၁၀၀၀) ကျပ်၊ ပေါ်ကျွဲ (ဆန်သား ၉၀) (၁၀၈) ပေါင်လျှင် (၃၃၅၀၀) ကျပ်၊ ပေါ်ဆန်း (ဆန်သား ၈၀) (၁၀၈) ပေါင်တစ်အိတ်လျှင် (၂၇၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆန်သား ၉၀) (၁၀၈) ပေါင်တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်၊ ဧည့်မထ (ဆန်သား ၈၀) (၁၀၈) ပေါင် တစ်အိတ်လျှင် (၂၂၅၀၀) ကျပ် နှင့် ဧည့်မထ (ဆန်သား ၉၀) (၁၀၈) ပေါင် တစ်အိတ်လျှင် (၂၄၅၀၀) ကျပ်နှုန်း အသီးသီးရှိခဲ့သည်။ ပုံမှန်အားဖြင့် ဧပြီလမှစတင်၍ နွေစပါးရာသီ ကုန်ဆုံးပြီး မိုးရာသီစပါးစတင်စိုက်ပျိုးမည့်ကာလဖြစ်သောကြောင့် တောင်သူများ၏ လက်ဝယ်တွင် လက်ကျန်စပါးနည်းနေပြီး ဆန်ဈေးနှုန်းများ တက်လေ့ရှိသည်။ ၂၀၂၁ ခုနှစ်၊ မေလ (၃၁) နေ့ထိ ဆန်ဈေးနှုန်းအခြေအနေများကို သုံးသပ်ကြည့်လျှင် အကျမရှိဘဲ တဖြည်းဖြည်းအတက်ဘက်ကိုသာ ဦးတည်နေသည်ကို တွေ့ရသည်။ ပျှမ်းမျှ အားဖြင့် ဆန်အမျိုးအစားတစ်မျိုးလျှင် (၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ် အထိ) တက်သွားသည်ကို တွေ့ရသည်။
ယခုနှစ်တွင် နွေစပါးရာသီကုန်ဆုံးသည့် မေလ၏ ဆန်ချောနှင့် ဆန်ကြမ်းဈေးနှုန်း များမှာ ယခင်နှစ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆန်အမျိုးအစားတစ်မျိုးလျှင် (၂၀၀၀) ကျပ်ခန့် ဈေးနည်းနေသေးကြောင်း မော်လမြိုင်ကုန်စည်ဒိုင်၏ နေ့စဉ်ဈေးနှုန်း အချက်အလက်များအရ လေ့လာတွေ့ရှိရပါသည်။
မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန