ထိုင်းနိုင်ငံ၏ ပြည်ပသို့ ပီလောပီနံတင်ပို့မှု ယခုနှစ်တွင် ကျဆင်းနိုင်

Powered by Drupal

ထိုင်းနိုင်ငံအနေဖြင့် ယခင်နှစ်ကပြည်ပသို့ ပီလောပီနံနှင့်ပီလောပီနံထုတ်ကုန် ၁၁ သန်းတင်ပို့ နိုင်ခဲ့သော်လည်း ယခုနှစ်တွင် မိုးခေါင်မှုဒဏ်ကြောင့် အထွက်နှုန်းကျဆင်းကာ ပြည်ပသို့ ပီလောပီနံတန်ချိန် ၉ သန်းခန့်သာ တင်ပို့သွားနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

ထိုင်းနိုင်ငံတွင် ယခုအခါ ပီလောပီနံဥအစိုတစ်ကီလိုလျှင် ထိုင်းဘတ် ၃.၁၀ မှ ၃.၅၅ အကြားရှိ ပြီး၊ တစ်ကီလိုလျှင် ထိုင်းဘတ် ၂.၅၀ အထက် ဈေးကွက်အာမခံချက်ရှိသည့် သီးနှံတစ်ခုဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ (ထိုင်းဘတ် ၁၅၂ ဘီလီယံ) တန်ဖိုးရှိ ပီလောပီနံနှင့်ပီလောပီနံထုတ်ကုန် စုစုပေါင်းတန်ချိန် ၁၁ သန်းကို ပြည်ပသို့ တင်ပို့ နိုင်ခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၆.၉၀ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၁၁.၂ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်ပထမငါးလတွင် အမေရိကန်ဒေါ်လာ ၁.၇ သန်းတန်ဖိုးရှိ ပီလောပီနံနှင့် ပီလောပီနံ ထုတ်ကုန်တန်ချိန် ၄.၇၃ သန်းကို ပြည်ပသို့တင်ပို့ခဲ့ပြီး ယခင်နှစ်များထက် ၂၁ ရာခိုင်နှုန်းနှင့် ၁၉ ရာခိုင်နှုန်း အသီးသီးကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

ပီလောပီနံအချပ်များ၏ FOB ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၆၅ ပေါက် ဈေးရှိပြီး၊ တရုတ်နိုင်ငံ၏ အရက်ထုတ်လုပ်ရန် ဝယ်ယူမှုလျော့နည်းခဲ့သည့်အတွက် ယခင်နှစ်ကထက် ၇ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Ronnarong Phoolpipat ၏ ပြောကြားချက်အရ သိရှိရပါသည်။ ပီလောပီနံအမှုန့်၏ FOB ဈေးနှုန်းမှာမူ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၀ ဖြင့် တစ်နှစ်ထက် တစ်နှစ် ၅ ရာခိုင်နှုန်း တန်ဖိုးမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည်  ထိုင်းနိုင်ငံ၏ ပီလောပီနံထုတ်ကုန်များအား အများဆုံးတင်ပို့သည့် ထိပ်တန်းဈေးကွက်ဖြစ်ပြီး၊ စုစုပေါင်းထုတ်ကုန်၏ ၆၅ ရာခိုင်နှုန်းကို တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ပီလောပီနံ ထုတ်ကုန်တန်ချိန် ၈ သန်းကို နှစ်စဉ် တင်ပို့လျက်ရှိပြီး၊ ပီလောပီနံအချပ်အနေဖြင့် ၆၉ ရာခိုင်နှုန်း၊ ပီလောပီနံအမှုန့်အနေဖြင့် ၃၀ ရာခိုင်နှုန်း၊ စွန့်ပစ်ထုတ်ကုန် အဖြစ် ၁ ရာခိုင်နှုန်းဖြစ်ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် ပီလောပီနံဥအစို တန်ချိန် ၃၆ သန်းခန့် ထွက်ရှိမည်ဖြစ်ရာ ပြည်တွင်းလိုအပ်ချက်မှာ တန်ချိန် သန်း ၄၀ ရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီစေရန်အတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ပီလောပီနံအချပ် တန်ချိန် ၂.၄ သန်းခန့် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Bangkok Post, 26 June 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)