ဆော်ဒီအာရေဗျနိုင်ငံသည် အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူညီထားသည့် ရေနံထုတ်လုပ်မှု လျှော့ချမည့်ပမာဏအပြင် ယခုလ၌စတင်ခဲ့သော ၎င်း၏ တစ်ဖက်သတ် ရေနံထုတ်လုပ်မှု လျှော့ချမည့် အစီအစဉ်ကို ဩဂုတ်လအထိ လုပ်ဆောင်မည်ဖြစ်ပြီး ထပ်မံ၍လည်း သက်တမ်းတိုးမြှင့်ဖွယ်ရှိကြောင်း နိုင်ငံပိုင် Saudi Press Agency သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ တစ်ရက်လျှင် ရေနံစည် ၉ သန်း လျှော့ချထုတ်လုပ်မှုက နှစ်ပေါင်းများစွာအတွင်း ဆော်ဒီအာရေဗျ၏ ရေနံထုတ်လုပ်မှု ပမာဏကို အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ရောင်းချနိုင်မည့် အရေအတွက်ကို အဆုံးရှုံးခံလျက် ရလဒ်အားဖြင့် အနည်းငယ်မျှသော စျေးနှုန်းမြင့်တက်မှုကို ရရှိစေမည်ဖြစ်သည်။
အိုပက်အဖွဲ့၏ မဟာမိတ် ရုရှားနိုင်ငံကလည်း ထုတ်လုပ်မှုလျှော့ချရန် သဘောတူညီထားမှုကို ယခုနှစ်အတွင်း အရှိန်မြှင့်တင်လျက် ရေနံပို့ကုန်များအပေါ် ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ကြေညာခဲ့သည်။ ရုရှားဒုတိယဝန်ကြီးချုပ် Alexander Novak က ၎င်း၏ သတင်းစာရှင်းလင်း ပွဲ၌ သြဂုတ်လအတွင်း ပြည်ပသို့ ရေနံတင်ပို့မှုကို တစ်ရက်လျှင် ရေနံစည် ၅ သိန်း လျှော့ချမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ဆော်ဒီအာရေဗျ၏ ရေနံဈေးနှုန်းဆွဲတင်ရေး ကြိုးပမ်းမှုကို အထောက်အကူ ပြုမည်ဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ၎င်း၏ဘတ်ဂျက်လျာထားချက်ကို ကာမိနိုင်ရန် လိုအပ်သည့် အခြေအနေရှိနေချိန်တွင် တရုတ်နိုင်ငံ၏ ရေနံစိမ်းဝယ်လိုအား လျော့နည်းသွားခြင်းက ရေနံစိမ်း တစ်စည်လျှင် ၇၅ ဒေါ်လာဝန်းကျင်သို့ ကျဆင်းစေခဲ့သည်။ သို့ဖြစ်ရာ ဆော်ဒီအာရေဗျ၏ ရေနံလျှော့ချထုတ်လုပ်မှုကို သက်တမ်းတိုးမြှင့်ရန် လုပ်ဆောင်ချက်သည် အံ့အားသင့်ဖွယ်ရာမရှိကြောင်း၊ ကုန်သည်များနှင့် လေ့လာဆန်းစစ်သူများက ဤရလဒ်ကို ခန့်မှန်းထားရှိပြီးဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြပါသည်။
အမေရိကန်ကဲ့သို့သော ရေနံသုံးစွဲသည့် နိုင်ငံများက အိုပက်အဖွဲ့နှင့် မဟာမိတ်များ၏ ထောက်ပံ့မှု ကန့်သတ်ရေးမူဝါဒအပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ထိုသို့ လုပ်ဆောင်မှုသည် ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေပြီး ထိခိုက်လွယ်သည့် စီးပွားရေးပြန်လည်နာလန်ထမှုကို အန္တရာယ်ဖြစ်စေကြောင်း ပြစ်တင်ပြောကြားလျက်ရှိသည်။
တစ်ဖက်သတ် ရေနံထုတ်လုပ်မှု လျှော့ချခြင်းကို သက်တမ်းတိုးမြှင့်မည်ဟု ဆော်ဒီအာရေဗျက ပြောကြားခဲ့ပြီးနောက် လန်ဒန်ဈေးကွက်တွင် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀း၃၄ အချိန် Brent ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၁.၃% မြင့်တက်လျက် ၇၆.၃၉ ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့သည်။
Source: Bloomberg, 3 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)