အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံကို တန်ချိန် ၁၂ သိန်းအထိ တိုးမြှင့်တင်သွင်းမည်

Powered by Drupal

အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်မှုလျော့ကျသည့်အလျောက် ဈေးနှုန်းများမြင့်တက် မှုနှင့် ရင်ဆိုင်လာရမှုအပေါ် ပြည်တွင်းဈေးကွက်၌ ပေးသွင်းနိုင်မှုအား မြှင့်တင်ရန်နှင့် ဈေးနှုန်း ထိန်းညှိနိုင်ရန်အတွက် ပြည်ပမှ ပဲစင်းငုံများတင်သွင်းခြင်းကို ယခင်နှစ်ကထက် ၃၅% တိုးမြှင့်လျက် တန်ချိန် ၁၂ သိန်းအထိ ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Mr. Rohit Kumar Singh က ပဲစင်းငုံ ဈေးနှုန်းများမြင့်တက်မှုသည် ပြဿနာတစ်ရပ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အိန္ဒိယနိုင်ငံတစ်ဝန်း၌ ပဲစင်းငုံ ၁ ကီလိုဂရမ်၏ ပျမ်းမျှလက်လီရောင်းဈေးသည် ၂၅% မြင့်တက်လျက် ၁၂၈.၆၆ ရူပီးနှုန်းသို့ ရောက်ရှိလာကြောင်း၊ ပြည်တွင်း၌ ပဲစင်းငုံ စားသုံးမှုမှာ တန်ချိန် ၄၄ သိန်းမှ ၄၅ သိန်းခန့်ရှိပြီး ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပြည်ပမှ တင်သွင်းနေရကြောင်း၊ လက်ရှိဘဏ္ဍာနှစ်တွင် ပဲစင်းငုံ တန်ချိန် ၁၂ သိန်းအထိ တိုးမြှင့်တင်သွင်းမည်ဖြစ်ကြောင်း၊ ပဲတင်သွင်းမှု စတင်သည်နှင့်တစ်ပြိုင်နက် ဈေးနှုန်းများလည်း ကျဆင်းလာမည်ဖြစ်ကြောင်းဖြင့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

အိန္ဒိယ၏ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၂၁-၂၂ ခုနှစ် (ဇူလိုင်-ဇွန်) သီးနှံရာသီ၌ တန်ချိန် ၃၉ သိန်း ရှိရာမှ ၂၀၂၂-၂၃ ခုနှစ်တွင် တန်ချိန် သိန်း ၃၀ သို့ ကျဆင်းခဲ့သည်။ သို့ဖြစ်ရာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနှင့် အာဖရိက အရှေ့ပိုင်းဒေသ နိုင်ငံများထံမှ ပဲစင်းငုံ တန်ချိန် ၈.၉ သိန်း တင်သွင်းခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်၌ တန်ချိန် ၆ သိန်း တင်သွင်းထားပြီးဖြစ်သည်။

အရှေ့အာဖရိကဒေသမှ ပဲစင်းငုံများသည် ဩဂုတ်လတွင် စတင်ဝင်ရောက်မည်ဖြစ်ပြီး ဈေးနှုန်းမြင့်တက်မှုကို လျော့ပါးစေမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဈေးနှုန်းထိန်းညှိနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ပိုင်နှင့် ကုန်သည်လုပ်ငန်းရှင်များ လက်ဝယ်၌  ပဲစင်းငုံသိုလှောင်ထားရှိနိုင်မှု ပမာဏကို ကန့်သတ်သကဲ့သို့ အရန်ရိက္ခာမှလည်း ပဲစင်းငုံတန်ချိန် ၅၀၀၀၀ ကို ဈေးကွက်အတွင်းသို့ ထုတ်ရောင်းပေးရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း၊ ပဲစင်းငုံ နည်းတူ မတ်ပဲဈေးနှုန်းများသည်လည်း မြင့်တက်လျက်ရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဇွန်လ ၂၈ ရက်နေ့ရှိ အိန္ဒိယနိုင်ငံတစ်ဝန်း မတ်ပဲ ၁ ကီလိုဂရမ်၏ ပျမ်းမျှလက်လီရောင်းဈေးသည် ၇.၂၂% မြင့်တက်ပြီး ၁၁၁.၇၇ ရူပီးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ မတ်ပဲအား ဈေးကစား ကိုင်တွယ်မှုများရှိနေခဲ့ပြီး ယခုအခါ မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ ဆက်လက် ထိန်းချုပ်ထားနိုင်မည်မဟုတ်ကြောင်း၊ အခြားနိုင်ငံများ၌ မတ်ပဲစားသုံးမှုမရှိသဖြင့် မြန်မာဘက်မှ မတ်ပဲများ ကို အိန္ဒိယသို့ ထုတ်ရောင်းရတော့မည်ဖြစ်ပြီး ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှလည်း သီးနှံများ မကြာမီထွက်ရှိလာမည်ဖြစ်ရာ ဈေးနှုန်းများကျဆင်းလာမည်ဖြစ်ကြောင်း အတွင်းဝန် Mr. Kumar Singh က ပြောဆိုခဲ့သည်။

ဇွန်လ ၂၈ ရက်နေ့ ပျမ်းမျှလက်လီဈေးနှုန်းများအရ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းသည်လည်း ၁ ကီလိုဂရမ်လျှင် ၇.၀၇% ပိုမိုလျက် ၁၀၉.၂၃ ရူပီးနှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် မဒ္ဒရာပရာ‌ဒေ့ရှ်ပြည်နယ်၌ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှုမှာ အထွက်နှုန်းမြင့်မားဖွယ် ရှိသဖြင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းလာမည်ဖြစ်ကြောင်း၊ ပဲနီလေးဈေးနှုန်းမှာမူ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ရာတွင် ၅% လျော့နည်းလျက် ၁ ကီလိုဂရမ်လျှင် ၉၁.၇၈ ရူပီးနှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ အိန္ဒိယပြည်တွင်း၌ ပဲနီလေးအား တန်ချိန် ၁၆ သိန်းအထိ တိုးတက် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ရာ ပြည်တွင်းစားသုံးမှုပမာဏ တန်ချိန် ၂၂ သိန်းအပေါ် ပြည်ပမှ တန်ချိန် ၆ သိန်းခန့် တင်သွင်းဖြည့်ဆည်းရန် လိုအပ်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ကနေဒါနှင့် ဩစတေးလျတို့မှ ပဲနီလေးကို အဓိကမှာယူတင်သွင်းလျက်ရှိပြီး ၂၀၂၂-၂၃ ခုနှစ်တွင် တန်ချိန် ၁၁ သိန်းခန့် တင်သွင်းခဲ့ရကြောင်း သိရှိရသည်။

Source: Economic Times, 30 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

a