ဘူတန်နိုင်ငံ၏ ပို့ကုန်ဖြစ်သည့် အာလူးများကို လိုင်စင်လျှောက်ထားရန် မလိုပဲ ၂၀၂၄ ခုနှစ် ဇွန်လအထိ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) ၏ ဇူလိုင်လ ၃ ရက်နေ့၌ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအရ မူလက ဘူတန်နိုင်ငံမှတင်ပို့သော အာလူးများကို သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုပဲ ယခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့ခြင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ဆက်လက်ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၃ ခုနှစ်တွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၀၂ သန်းရှိသော လတ်ဆတ်အာလူးများကို တင်သွင်းခဲ့ကြောင်း၊ ထို့အပြင် ဘူတန်မှ လတ်ဆတ်ကွမ်းသီးအစိမ်း မက်ထရစ်တန်ချိန် ၁၇၀၀၀ ကိုလည်း အနည်းဆုံးသွင်းကုန်ဈေးနှုန်း MIP သတ်မှတ်ချက်မရှိပဲ ကုန်းတွင်းအကောက်ခွန်စခန်းတစ်ခုဖြစ်သည့် LCS Chamurchi မှတစ်ဆင့် တင်သွင်းခွင့်ပြုမည်ဖြစ်သည်ဟု DGFT က သီးခြား အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ကြောင်း Economic Times သတင်းဌာနက ဖော်ပြထားသည်။
Source: Economic Times, 3 Jul 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)