ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး Mr. Lon Yeng က ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် တရုတ်ဈေးကွက်သို့ ကမ္ဘောဒီးယားမှ ဆန်တင်ပို့မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (၆) ခုကို လက်မှတ်ရေးထိုးခဲ့ပြီး (၇) ကြိမ်မြောက် နားလည်မှုစာချွန်လွှာနှင့် အခြားသော စာချွန်လွှာများစွာကိုလည်း လက်မှတ်ရေးထိုးရန် အဆင်သင့်ရှိကြောင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက် (ကြာသပတေး) နေ့တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Pan Sorasak က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တရုတ်ဈေးကွက်သို့ ဆန်တန်ချိန် ၅၀၀၀၀၀ တင်ပို့နိုင်ရေးအတွက် ၇ ကြိမ်မြောက် နားလည်မှုစာချွန်လွှာကို ရေးထိုးရန် အစောပိုင်းက ကြေညာခဲ့ပြီး ယင်းကြေညာချက်သည် ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုကို ပိုမိုတိုးတက်စေလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဆဋ္ဌမမြောက်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ဆန်တန်ချိန် ၄၀၀၀၀၀ ကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ လိုအပ်သော ဆန်အမျိုးအစားကို စိုက်ပျိုးရာတွင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား တောင်သူလယ်သမားများ၏ ဘဝနှင့် စီးပွားရေးကို ပံ့ပိုးကူညီရန်၊ ပြည်သူများအတွက် အနာဂတ် လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်အတွက် အဆိုပါဆန်ပမာဏကို တရုတ်နိုင်ငံက ဝယ်ယူနိုင်လိမ့်မည်ဖြစ်ကြောင်းဖြင့် လယ်သမားများအား Mr. Yeng က တိုက်တွန်းပြောကြားခဲ့သည်။
Source: Khmer Times, 30 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)