ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှု အောင်မြင်ပြီးနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် အာဆီယံဒေသအတွင်း လယ်ယာထွက်ကုန် အဓိကတင်သွင်းသည့် စင်ကာပူဈေးကွက်တွင် ခြေကုပ်ရယူရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။
ဇွန်လ ၃၀ ရက်နေ့က Pursat ပြည်နယ်ရှိ အထည်ချုပ် လုပ်သားများနှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်ဟွန်ဆန်က ကမ္ဘောဒီးယား၏ အရည်အသွေးမြင့်ဆန်အား စင်ကာပူနိုင်ငံ၊ စားသုံးသူ ဈေးကွက်ရှိ ဒေသခံများသာမက စင်ကာပူသို့ နှစ်စဉ်လာရောက် လည်ပတ်သည့် သန်းနှင့်ချီသော ခရီးသွားများထံသို့ပါ မိတ်ဆက်တည်ခင်းနိုင်ရန် အစိုးရက ရည်မှန်းထားကြောင်း၊ နိုင်ငံ၏ စီးပွား ရေး၌ လယ်ယာကဏ္ဍမှ ပါဝင်ပံ့ပိုးမှု အခြေအနေမှာ ၈၀ ရာခိုင်နှုန်းမှ ၂၁ ရာခိုင်နှုန်းသို့ ကျဆင်း သွားသော်လည်း ကမ္ဘောဒီးယားအနေဖြင့် ဆန်တန်ချိန် ၄ သန်းခန့် တင်ပို့နိုင်မှု ကျန်ရှိနေသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဤအချက်က စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများသို့ ပြောင်းလဲလျက်ရှိသော်လည်း လယ်ယာကဏ္ဍတွင် စဉ်ဆက်မပြတ်ထုတ်လုပ်မှု ရှိနေသည်ကို ဖော်ပြလျက်ရှိသည်။ တစ်ဆက်တည်းမှာပင် ကမ္ဘောဒီးယားနှင့် သက်ဆိုင်ရာအိမ်ရှင်နိုင်ငံများအကြား ကုန်သွယ်ဆက်ဆံမှု ခိုင်မာစေရေးနှင့် စီးပွားရေးကို မြှင့်တင်ရန် ကမ္ဘောဒီးယားသံတမန်များအား ဝန်ကြီးချုပ်ဟွန်ဆန်က တိုက်တွန်းအားပေးခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Pan Sorasak က လည်း စင်ကာပူသည် နိုင်ငံငယ်တစ်ခု ဖြစ်သော်လည်း ဖြန့်ဖြူးရေး အချက်အချာကျသည့် မြို့ပြနိုင်ငံဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းကဲ့သို့သော ဒေသများသို့ ဖြန့်ဖြူးရန် အဓိကကျသော ဆိပ်ကမ်းများလည်းရှိကြောင်း၊ ထို့ကြောင့် စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့နိုင်သည့် အခွင့်အလမ်းများ ရရှိလာမည်ဆိုပါက ၎င်း၏ ဆန်စပါးသည် ယင်းဒေသများတွင် စျေးကွက်ချဲ့ထွင်နိုင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အကောက်ခွန်နှင့်ယစ်မျိုးဌာန (GDCE) ၏ အချက်အလက်များအရ ယခုနှစ် ပထမ ၅ လတွင် ကမ္ဘောဒီးယားနှင့် စင်ကာပူတို့ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၆၆၀ နီးပါးရှိပြီး ပြီးခဲ့သည့်နှစ်၏ အလားတူကာလ၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် ရရှိခဲ့ရာ ၆၁% ကျဆင်းခဲ့ကြောင်း၊ သို့သော် ကမ္ဘောဒီးယား၏ စင်ကာပူနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှု မှာ ၅၀၈% တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၃၄၀ ရရှိခဲ့ကြောင်း၊ စင်ကာပူထံမှ တင်သွင်းမှုမှာ ၈၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒေါ်လာ ၃၁၅ သန်းကျော်ရှိကြောင်း သိရသည်။
Source: Asia News Network, 3 Jul 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)