ရုရှားရေနံများအား ဝယ်ယူရာတွင် ယွမ်ငွေပေးချေမှုကို အိန္ဒိယက စတင်ဆောင်ရွက်

Powered by Drupal

အိန္ဒိယနိုင်ငံရှိ ရေနံသန့်စင်ချက်လုပ်သည့် ကုမ္ပဏီများသည် ရုရှားနိုင်ငံထံမှ အချို့သောရေနံများ ဝယ်ယူတင်သွင်းမှုအတွက် တရုတ်ယွမ်ငွေကြေးဖြင့် ငွေပေးချေမှုကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ပါသည်။

ရုရှား၏ ယူကရိန်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခဲ့မှုအပေါ် အနောက်နိုင်ငံများမှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လာခြင်းက အိန္ဒိယအား ရုရှားနိုင်ငံ၏ အကြီးမားဆုံး ရေနံဝယ်ယူသည့် နိုင်ငံအဖြစ် ဖြစ်ပေါ်လာစေခဲ့ပါသည်။ အမေရိကန်ဒေါ်လာသည် ကမ္ဘာ့ရေနံဈေးကွက်တွင် ကာလရှည်ကြာစွာ အဓိကအသုံးပြုသည့် ငွေကြေးဖြစ်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ရေနံဝယ်ယူရာတွင် ဒေါ်လာကိုပင် အသုံးပြုခဲ့သည်။ သို့ရာတွင် ရုရှားနိုင်ငံအပေါ် ဒေါ်လာနှင့် ယူရိုငွေကြေးများကို နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများဖြစ်‌ပေါ်ခဲ့ပြီးနောက် တရုတ်ယွမ်ငွေကြေးမှာ ရုရှားနိုင်ငံ၏ ငွေကြေးစနစ်အတွက် ပိုမိုအရေးပါလာခဲ့သည်။ တရုတ်နိုင်ငံသည်လည်း ရုရှားထံမှ ရေနံစွမ်းအင် တင်သွင်းရာတွင် ယွမ်ငွေကို ပြောင်းလဲအသုံးပြုလာပြီး ၂ဝ၂၃ ခုနှစ် ပထမသုံးလပတ်ကာလတွင် ရုရှားနိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံကို ကျော်လွန်၍ တရုတ်နိုင်ငံ၏ ထိပ်တန်းရေနံစိမ်း ဝယ်ယူတင်သွင်းသည့် နိုင်ငံဖြစ်လာခဲ့ပါသည်။

အိန္ဒိယအစိုးရဌာနဆိုင်ရာ သတင်းအရင်းအမြစ်များအရ ဘဏ်များဘက်မှ ဒေါ်လာငွေကြေး ဖြင့် ကုန်သွယ်မှုငွေပေးချေရန် ဆန္ဒမရှိပါက အချို့သော ရေနံသန့်စင်ချက်လုပ်သည့် ကုမ္ပဏီများသည် ယွမ်ကဲ့သို့သော အခြားငွေကြေးများဖြင့် ပေးချေလာကြကြောင်း သိရှိရသည်။

ရုရှားနိုင်ငံထံမှ ရေနံစိမ်းဝယ်ယူမှု အကြီးမားဆုံးဖြစ်သည့် Indian Oil Corp သည် ဇွန်လတွင် ရုရှားနိုင်ငံမှ အချို့သောရေနံဝယ်ယူမှုများအတွက် ယွမ်ငွေဖြင့်ပေးချေသည့် ပထမဆုံး နိုင်ငံပိုင်ရေနံသန့်စင်သည့် ကုမ္ပဏီဖြစ်လာခဲ့ပါသည်။ အိန္ဒိယရှိ ပုဂ္ဂလိက ရေနံသန့်စင်သည့်ကုမ္ပဏီ ၃ ခုအနက် ၂ ခုသည်လည်း ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုများအတွက် ယွမ်ငွေကြေးဖြင့် ပေးချေခဲ့ကြောင်း သိရှိရသည်။

Source: Economic Times, 3 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)