တရုတ်နိုင်ငံ၏ သတ္တုတင်ပို့မှုအား ထိန်းချုပ်မှုအပေါ် အမေရိကန်က မဟာမိတ်များနှင့် ဆွေးနွေးမည်

Powered by Drupal

တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (semiconductors) နှင့် အခြားလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် လိုအပ်သည့် ဂါလီယမ် (gallium) နှင့် ဂျာမနီယမ် (germanium) သတ္တုများတင်ပို့မှုအပေါ် ထိန်းချုပ်လိုက်သည့် တရုတ်နိုင်ငံ၏ ကြေညာချက်အား အမေရိကန်နိုင်ငံက ခိုင်မာစွာဆန့်ကျင် ပြောဆိုခဲ့ပြီး အဆိုပါအရေးကိစ္စကို ဖြေရှင်းရန် ၄င်း၏မိတ်ဖက်အဖွဲ့ အစည်းများနှင့် ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦီးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ၌ ပြောကြားခဲ့ပါသည်။

ယခုသီတင်းပတ်အစောပိုင်း၌ တရုတ်နိုင်ငံသည် လျှပ်စစ်ကားများနှင့် ဖိုင်ဘာအော့ပတစ်ကြိုးများ (fibre optic cables) ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဂါလီယမ် (gallium) နှင့် ဂျာမနီယမ် (germanium) သတ္တုများတင်ပို့မှုအပေါ် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းကြောင့် ကုမ္ပဏီများသည် အဆိုပါထုတ်ကုန်များကို ဝယ်ယူရန် အလုအယက်ကြိုးပမ်းနေကြသဖြင့် ဈေးနှုန်းများမှာ မြင့်တက်ခဲ့ပါသည်။ ဂျာမနီယမ် (germanium) ကို မြန်နှုန်းမြင့်ကွန်ပျူတာချစ်ပ်များ (computer chips)၊ ပလတ်စတစ်များနှင့် စစ်ရေးကိစ္စများတွင်အသုံးပြုသည့် ညကြည့်ပစ္စည်းကိရိယာများနှင့် ဂြိုလ်တုပုံရိပ်ဖမ်း အာရုံခံကိရိယာများ (satellite imagery sensors) တွင်အသုံးပြုပြီး ဂါလီယမ် (gallium) ကို ရေဒါနှင့် ရေဒီယိုဆက်သွယ်ရေးကိရိယာများ၊ ဂြိုလ်တုများနှင့် LEDs များတွင် အသုံးပြုကြောင်း သိရှိရပါသည်။

ယင်းသို့ဆောင်ရွက်မှုများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အကာအကွယ်‌ပေးရန်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သော်လည်း စီးပွားရေးလေ့လာသုံးသပ်သူများက အမေရိကန်နိုင်ငံဘက်မှ တရုတ်နိုင်ငံ၏ နည်းပညာတိုးတက်မှုများကို ထိန်းချုပ်ရန်ကြိုးပမ်းလာမှုများအပေါ် တုံ့ပြန်ဆောင်ရွက်မှုဖြစ်ကြောင်း ပြောဆိုခဲ့ကြပါသည်။ အကျိုးဆက်အနေဖြင့် ရောင်းချမှုကွင်းဆက်တစ်လျှောက် ထုတ်ကုန်များ ဆန်းသစ်ကွဲပြားစွာထုတ်လုပ်နိုင်မှုကို အားလျော့နည်းစေခဲ့ပြီး အဆိုပါကြေညာမှုကို အမေရိကန်ပြည်ထောင်စုမှ အထွေထွေအတွင်းရေးမှူး Treasury Janet Yellen ၏ ဘေဂျင်းမြို့သို့ လာရောက်မည့် ခရီးစဉ်မတိုင်မီရက်တွင် တရုတ်နိုင်ငံက ကြေညာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

Sources: The Business Times, 6 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)