အမေရိကန်နိုင်ငံ၌ ပဲပုပ်စိုက်ပျိုးမှုမှာ မျှော်မှန်းထားသည့် ဧရိယာပမာဏထက် လျော့နည်းလျက် ပဲပုပ်ဈေးကွက်အပေါ် ရိုက်ခတ်မှုက ပဲပုပ်ဆီဈေးနှုန်းကို မြင့်တက်စေခဲ့ပြီးနောက် မလေးရှားစားအုန်းဆီ၏ ဈေးနှုန်းသည်လည်း ၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာပြီး တစ်တန်လျှင် မလေးရှား ရင်းဂစ် ၄၀၀၀ ခန့်သို့ ရောက်ရှိလာပါသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အနာဂတ်ကာလအတွက် ကြိုတင်ရောင်းဈေးမှာ ဇူလိုင် ၃ ရက်နေ့၌ စားအုန်းဆီ တစ်တန်လျှင် မလေးရှားရင်းဂစ် ၃၉၉၄ နှုန်းရှိပြီး ယခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ပိုင်း ၅.၄ ရာခိုင်နှုန်းခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ချီကာဂိုပဲပုပ်ဆီ၏နောက်တွင် လောင်စာဆီနှင့် အစားအစာကဏ္ဍ၌ အစားထိုးအသုံးပြုနိုင်သည့် အပူပိုင်းဒေသထွက် စားအုန်းဆီ ဈေးနှုန်းသည် သောကြာနေ့၌ ၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာမှ ယခုဆက်လက်၍ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း The Edge Malaysia သတင်းဌာနကဖော်ပြပါသည်။
အမေရိကန်၏ ပဲပုပ်စိုက်ဧရိယာ အစီရင်ခံစာ ထုတ်ပြန်မှုနှင့်အတူ မလေးရှားနိုင်ငံ၌ ဇွန်လအတွင်း စားအုန်းဆီထုတ်လုပ်မှု နည်းပါးခြင်း၊ ကမ္ဘာ့ပထဝီနိုင်ငံရေးအားပြိုင်မှု ဆက်လက်ဖြစ်ပေါ် နေခြင်း၊ ရင်းဂစ်ငွေကြေး တန်ဖိုးကျဆင်းလျက်ရှိခြင်း စသည့် အခြေအနေများအရ စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း မလေးရှားနိုင်ငံ၊ Pelindung Bestari ဒေသရှိ စားအုန်းဆီကုန်သည် Mr. Paramalingam Supramaniam က ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်မှစ၍ ပဲပုပ်စိုက်ပျိုးသူတောင်သူများသည် ပြောင်းသီးနှံသို့ ပြောင်းလဲစိုက်ပျိုးလာကြသဖြင့် ယခင်နှစ် စိုက်ပျိုးမှုနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် ပဲပုပ် စိုက်ပျိုးမှု ဧရိယာသည် ၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း၊ နိုင်ငံ၏ ပဲပုပ်စိုက်ပျိုးမှုကို မူလက ဧက ၈၇.၇ သန်း ခန့်မှန်းခဲ့သော်လည်း ဇွန်လ ၁ ရက်နေ့ရှိ စာရင်းအရ ဧက ၈၃.၅ သန်းသာ ရှိကြောင်းဖြင့် အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနက ၃၀-၆-၂၀၂၃ ရက်နေ့၌ အစီရင်ခံစာ ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။ သို့ဖြစ်ရာ ကမ္ဘာ့အဆင့် ပဲပုပ်ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် အမေရိကန်၏ ပဲပုပ်ရောင်းလိုအားကျဆင်းမည့် အခြေအနေက စားအုန်းဆီဝယ်လိုအားမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
Sources: The Edge Malaysia, 3 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)