စားသုံးသူရေးရာကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ပခုက္ကူမြို့ပေါ်ရှိလုပ်ငန်းရှင်များအား တွေ့ဆုံအသိပညာပေးခြင်းဆောင်ရွက်

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည် စားသုံးသူရေးရာကော်မတီ၏ လမ်းညွှန်ချက်ဖြစ်သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြလာစေရန် လစဉ်လျာထားချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကုန်စည်ထုတ်လုပ် လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင် တစ်ဦးချင်းခေါ်ယူတွေ့ဆုံခြင်းထက် ပိုမိုထိရောက်မှုရှိစေရန် မြို့နယ်အတွင်း ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များအားလုံးကို ခေါ်ယူစုစည်း၍ အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ရန်လမ်းညွှန်မှုအပေါ်  လိုက်နာလျက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းတွင် စီးပွားရေးလုပ်ငန်းရှင် (၁၅)ဦးတို့အားခေါ်ယူတွေ့ဆုံ၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ် လာပုံအဆင့်ဆင့်၊ ဌာနမှဆောင်ရွက်နေသော လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေဆိုတာ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးပြီး စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့အကြား သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုခြင်း ဖြစ်ကြောင်း၊ ယခုလိုစားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခြင်းဖြင့် စားသုံးသူ၏ အခွင့်အရေးကို သိရှိနားလည်ပြီး အပြည့်အဝတောင်းဆိုတတ်ပြီး ကုန်စည်(သို့)ဝန်ဆောင်မှုများ၊ အစားအသောက်/ အသုံးအဆောင်များကို ဝယ်ယူ/အသုံးပြု သည့်အခါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်း/အစားအသောက်များကို ရွေးချယ်ဝယ်ယူတတ်ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအပေါ် အကျိုးပြု ကာကွယ်ပေးနေသောဌာနဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ ခရိုင်ဦးစီးမှူးက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင် များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည် အုပ်စု(က)ရှိ အသင့်စားမုန့်မျိုးမျိုးတွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက် များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)