အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံ အဓိကစိုက်ပျိုးထုတ်လုပ်သည့် ကာနာတကာနှင့် မဟာရဋ္ဌပြည်နယ်တို့တွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ဇူလိုင်လ ၉ ရက်နေ့ထိ ပဲစင်းငုံ စိုက်ပျိုးနိုင်မှုမှာ ထက်ဝက်ခန့်ကျဆင်းခဲ့ကြောင်း၊ မျိုးစေ့ချစိုက်ပျိုးမှု နှေးကွေးနေခြင်းကြောင့် မကြာမီရက်များအတွင်း မိုးရွာသွန်းမည်ဟု မျှော်လင့်လျက်ရှိသည့် စိုက်ပျိုးသူများနှင့် ပဲကုန်သည်များအကြား စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
ဇူလိုင်လ ၉ ရက်နေ့၌ ကုန်ဆုံးသည့် ရက်သတ္တပတ်အထိ အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် ပဲစင်းငုံစိုက်ပျိုးပြီးစီးမှု ဧရိယာမှာ ဟက်တာ ၁၀.၃၂ သိန်းခန့်ရှိပြီး ယခင်နှစ် အလားတူကာလ၌ ဟက်တာ၁၉.၄၆ သိန်းဖြစ်၍ ၄၇% လျော့နည်းလျက်ရှိသည်။ ယခင် ၅ နှစ်တာကာလ၌ ကာလတူ ပဲစင်းငုံ ပျမ်းမျှစိုက်ပျိုးမှုဧရိယာသည် ဟက်တာ ၁၈.၄၂ သိန်းရှိပြီး ယခုနှစ် ပဲစင်းငုံ စိုက်ပျိုးပြီးစီးမှု မှာ လေးနှစ်အတွင်း အနိမ့်ဆုံး အခြေအနေဖြစ်ပါသည်။
ကာနာတကာပြည်နယ်တွင် မုတ်သုံလေနှောင့်နှေးမှုကြောင့် ပဲစင်းငုံစိုက်ပျိုးနိုင်မှုမှာ ယခင် နှစ်ကာလတူရှိ ဧရိယာ ဟက်တာ ၈.၁၃ သိန်းနှင့် နှိုင်းယှဉ်ပါက ၅၃% လျော့နည်းလျက် ဟက်တာ ၃.၇၉ သိန်းသာရှိကြောင်း၊ မဟာရဋ္ဌပြည်နယ်၌ ယခင်နှစ်ကာလတူ စိုက်ပျိုးပြီးစီးမှု ဟက်တာ ၆.၂၄ သိန်းအောက် ၄၆% လျော့ကျလျက် ဟက်တာ ၃.၃၅ သိန်းသာ စိုက်ပျိုးထားနိုင်ကြောင်း၊ မဟာရဋ္ဌပြည်နယ်ရှိ ပဲစင်းငုံ အဓိကစိုက်ပျိုးထုတ်လုပ်သည့် Marathawada ဒေသတွင် မိုးရွာသွန်းမှု ၃၉% ခန့် လျော့နည်းခဲ့ပြီး Vidarbha နှင့် Madhya Maharasthra ဒေသတို့၌ မိုးရွာသွန်းမှုသည် ၃၁% နှင့် ၂၉% အသီးသီး လျော့ကျခဲ့ကြောင်း၊ ကာနာတကာပြည်နယ်မြောက်ပိုင်းနှင့် တဲလန်ဂါနာပြည်နယ်တို့တွင် မိုးရွာသွန်းမှုမှာ ၃၇% နှင့် ၃၁% အသီးသီး လျော့နည်းခဲ့ကြောင်း သိရှိရပါသည်။
ကာလာဘူဂီမြို့အခြေစိုက် ကာနာတကာ ပရာဒေ့ရှ် ပဲစင်းငုံစိုက်ပျိုးသူများအသင်း၏ ဥက္ကဋ္ဌ Basavaraj Ingin က ယခုနှစ်၌ မိုးရွာသွန်းမှုမရှိကြောင်း၊ ကာနာတကာပြည်နယ် မြောက်ပိုင်းရှိ အဓိကခရိုင်များတွင် မိုးခေါင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ အချို့သော လယ်သမားများမှာ မျိုးစေ့များချပြီးသော်လည်း ခြောက်သွေ့မှုဖြစ်ပေါ်နေကြောင်း၊ အမှန်တကယ် မျိုးစေ့ကြဲသည့် ကာလမှာ ဇူလိုင်လလယ်ထိ ဖြစ်သော်လည်း အထွက်ပမာဏထိခိုက်စေနိုင်သည့်အတွက် လယ်သမားများ အနေဖြင့် ဇူလိုင်လ ၃၀ ရက်နေ့ထိ မျိုးစေ့ချစိုက်ပျိုးရဖွယ်ရှိကြောင်းဖြင့် ပြောဆိုပါသည်။
မဟာရဋ္ဌပြည်နယ်ရှိ လတ္တာမြို့မှ ကုန်သည်တစ်ဦးဖြစ်သူ Nitin Kalantri က မိုးရွာသွန်းမှု မရှိသဖြင့် မိုးရေချိန်မှ ၃ လက်မမှ ၄ လက်မခန့်ပင် မရရှိကြောင်း၊ ပဲစင်းငုံ မျိုးစေ့ချစိုက်ပျိုးမှု နှောင့်နှေးခြင်းက ထွက်ရှိမှုအပေါ် သက်ရောက်မည်ဖြစ်ကြောင်း၊ ပဲစင်းငုံစိုက်ပျိုးချိန်မှာ ဇူလိုင်လအကုန် ဩဂုတ်လဆန်းအထိဖြစ်ပြီး ယခုလကုန်အထိ မိုးရွာသွန်းပါက မျိုးစေ့အသစ်များ ထပ်မံ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ပဲစင်းငုံစိုက်စိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၁.၁၀ သိန်းသာရှိပြီး ယခင်နှစ် အလားတူကာလ ဟက်တာ ၁.၉၂ သိန်းအောက် လျော့နည်းခဲ့ကြောင်း၊ တဲလန်ဂါနာ ပြည်နယ်တွင်လည်း ယခင်နှစ်၌ ဟက်တာ ၀.၉၄ သိန်းမှ ယခုနှစ်တွင် ဟက်တာ ၀.၇၄ သိန်းသာ စိုက်ပျိုးပြီးစီးကြောင်း၊ အလားတူ ဂူဂျာရတ်ပြည်နယ်၌ ယခင်နှစ် ဟက်တာ ၀.၈၇ သိန်းမှ ယခုနှစ် ဟက်တာ၀.၆၉ သိန်းနှင့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ယခင်နှစ် ဟက်တာ ၀.၉၈ သိန်းမှ ယခုနှစ် ဟက်တာ ၀.၇၈ သိန်းသို့ လျော့နည်းလျက် စိုက်ပျိုးထားနိုင်ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့်ကောက်ပဲသီးနှံများအသင်းမှ အကြံပေးပုဂ္ဂိုလ် Parag Gadre က ဂူဂျာရတ်ပြည်နယ်၌ ပဲစင်းငုံစိုက်ပျိုးမှုမှာ ယေဘုယျအားဖြင့် ကောင်းမွန်မှုရှိကြောင်း၊ သို့ရာတွင် မဟာရဋ္ဌပြည်နယ်ရှိ အဓိကနယ်မြေများဖြစ်သည့် အလယ်ပိုင်းဒေသနှင့် Vidarbha ဒေသတို့တွင် မျိုးစေ့ချစိုက်ပျိုးမှု နှောင့်နှေးနေကြောင်း၊ စိုက်ပျိုးမှုနှင့် မိုးရွာသွန်းမှု အချက်အလက်များ တိကျစွာ မရရှိသည့် Vidarbha ဒေသ၏ စီရင်စုနယ်မြေအချို့တွင် စိုက်ဧရိယာ၏ ၁၀% ခန့်မှာ ထိခိုက် ပျက်စီးနေသောကြောင့် လယ်သမားများက ပြန်လည်မျိုးစေ့ချရန် လိုအပ်ကြောင်း၊ ဩဂုတ်လတွင် မိုးပိုကောင်းမည်ဟု ၎င်းတို့အသင်းအနေဖြင့် မျှော်လင့်ထားကြောင်း၊ ယခင်နှစ်ကလည်း မိုးရွာသွန်းမှု နောက်ကျခဲ့ကြောင်း၊ အကယ်၍ ယခုနှစ်တွင် အယ်နီညိုကြောင့် သိသာစွာ မိုးခေါင်ရေရှားမှုများ မဖြစ်ပေါ်ပါက ပြန်လည်ကုစားနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအတိုင်း ဆက်လက်ဖြစ်ပေါ်လျှင်မူ စိုးရိမ်ရသည့်အခြေအနေ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
Source: The Hindu Business Line, 11 July 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)