
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးမှူးဦးမြတ်မင်းနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကို ကာကွယ်ရန်အတွက် (၁၄.၇.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၁၅)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက် အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ (၁၀)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၂၀) ဦး၊ စုစုပေါင်း(၁၃၀)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် ဦးစီးမှူးဦးမြတ်မင်းက အဖွင့်စကားပြောကြားရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားဆောင်ရွက်နိုင်ကြောင်း၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင်လည်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များမှာလည်း အရေးပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ကုန်စည်များတွင် ပါဝင်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဦးစီးမှူး ဦးမြတ်မင်းက စားသုံးသူများတွင် အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်းမှ စားသုံးသူ၏အခွင့်အရေးများသိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးများ သိရှိပြီး ရယူနိုင်မှသာလျှင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်နစ်နာမှုများအတွက် တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များရှိပြီး နောင်အနာဂတ်မှာ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများ လိုက်နာရမည့်တာဝန်(၄)ချက်ကိုလည်းကောင်း၊ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက တိုင်ကြားဆောင်ရွက်နိုင်ကြောင်း၊ တိုင်ကြားနိုင်သူများနှင့် တိုင်ကြားနိုင်သည့်နေရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(မကွေး)