
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ (၁၈.၇.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် အပတ်စဉ်ဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရုံးအရှေ့တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ဆန် တစ်ပြည်လျှင် ငွေကျပ် ၂၅၀၀ နှုန်း၊ ဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ နှုန်း၊ ကြက်ဥဆယ်လုံး တစ်ထုပ်လျှင် ငွေကျပ် ၂၃၀၀နှုန်း နှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
အလားတူပင် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများသည်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက်ကို အပတ်စဉ်အလိုက် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)