ဝင်ငွေနည်းပါးသူများသို့ ဆန်ထောက်ပံ့ရန်အတွက် အင်ဒိုနီးရှားအစိုးရက ဒေါ်လာ သန်း ၅၃၀ ကျော် ဘတ်ဂျက်တိုးမြှင့်လျာထား

Powered by Drupal

အင်ဒိုနီးရှားနိုင်ငံ၌ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ဆန်ပိုမိုဖြန့်ဖြူး ထောက်ပံ့နိုင်ရေးနှင့် စားနပ်ရိက္ခာစျေးနှုန်းများ ထိန်းချုပ်နိုင်ရေးတို့အတွက် လူမှုဖူလုံရေး ဘတ်ဂျက်လျာထားမှု အား အင်ဒိုနီးရှားရူပီးငွေ ၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၃၂ ဒသမ ၄၁ သန်း) အထိ တိုးမြှင့် လိုက်ကြောင်း သိရှိရသည်။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုသည် နိုင်ငံ၏ နေရာဒေသအများပြားတွင် မိုးခေါင်ရေရှားမှု ဖြစ်စေနိုင်ကြောင်း အင်ဒိုနီးရှား မိုးလေဝသအေဂျင်စီမှ သတိပေးချက် ထုတ်ပြန်ခဲ့မှုနှင့်အတူ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပြီးနောက် နိုင်ငံတကာဆန်ဈေးနှုန်းများ မြင့်တက်လာချိန်တွင် ပြည်တွင်းဆန်ထွက်ရှိမှုမှာလည်း ထိခိုက်လာနိုင်သောကြောင့် ယခုကဲ့သို့ အင်ဒိုနီးရှားအစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဆန်ထောက်ပံ့မှုအစီအစဉ်တွင် အစိုးရသည် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အိမ်ထောင်စုတစ်စု တစ်လလျှင် ဆန် ၁၀ ကီလိုဂရမ် (၂၂ ပေါင်)နှုန်းဖြင့် ထိခိုက်လွယ်မှုရှိသည့် ဝင်ငွေနည်းပါးသော မိသားစုပေါင်း ၂၁.၃၅ သန်းထံ ထပ်မံ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ အခက်အခဲနှင့် ဖိအားများအား ကြုံတွေ့ရချိန်၌ အင်အားခိုင်မာမှုရှိရန် လိုအပ်ချက်အရ ယခုကဲ့သို့ လူမှုရေးကူညီထောက်ပံ့မှုကို ထပ်မံဆောင်ရွက်ရခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati က ဇူလိုင်လ ၂၄ ရက်၊ တနင်္လာနေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားအစိုးရသည် ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအတွက် လူမှုထောက်ပံ့ရေးကဏ္ဍတွင် သုံးစွဲရန် ရူပီး ၄၇၆ ထရီလီယံကို ဘတ်ဂျက်ခွဲဝေချထားပြီးဖြစ်ကြောင်း၊ လူဦးရေ သန်း ၂၇၀ ကျော်ဖြင့် အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ် တည်ရှိမှုအရ ပြည်တွင်းဆန်ဈေးနှုန်းများကို ထိန်းသိမ်းထားနိုင်ရန်အတွက် ယခုနှစ်အတွင်း ဆန်တန်ချိန် ၂ သန်း တင်သွင်းရန် စီစဉ်ထားရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

Source: Business Recorder, 25 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)