အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၌ ဆန်တင်ပို့မှုနှင့် ဆန်ပြန်လည်တင်ပို့မှု (re-export) တို့ကို ၂၈-၇-၂၀၂၃ နေ့မှစ၍ ၄ လကြာကာလအထိ ယာယီတားမြစ်ပိတ်ပင်လိုက်ကြောင်း စီးပွားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ အမိန့်ကို ပယ်ဖျက်ရန် ဆုံးဖြတ်ချက် တစ်စုံတစ်ရာချမှတ်ခြင်းမပြုပါက သက်တမ်းပြည့်ချိန်၌ တားမြစ်ချက်သည် နောက်ထပ်သက်တမ်းတစ်ကြိမ် အလိုအလျောက် တိုးမြင့်မည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့ နောက်ပိုင်း၌ အိန္ဒိယနိုင်ငံထံမှ UAE သို့ ဝင်ရောက်လာသည့် ဆန်များအား တင်ပို့ခြင်း သို့မဟုတ် ပြန်လည်တင်ပို့ခြင်းကို လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ တားမြစ်ချက်သည် ဆန်ဖြူ၊ ဆန်လုံးညို၊ ဆန်ကွဲနှင့် ပေါင်းဆန်တို့ အပါအဝင် ဆန်အမျိုးအစား အားလုံးအပေါ် သက်ရောက်မည်ဖြစ်ကြောင်း၊ လွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုသည့် ဇုန်နယ်မြေများ (Free zones) သည်လည်း ဆန်တင်ပို့မှုတားမြစ်ချက်တွင် အကျုံးဝင်ကြောင်း၊ အိန္ဒိယနိုင်ငံအပြင် အခြားပင်ရင်းနိုင်ငံများမှ တင်သွင်းလာသည့် ဆန်များသည်လည်း ယခုအမိန့်နှင့် သက်ဆိုင်မည်ဖြစ် ကြောင်း၊ ဆန်ပြန်လည်တင်ပို့မှုကို လုပ်ကိုင်လိုသည့် ကုမ္ပဏီလုပ်ငန်းများသည် စီးပွားရေးဝန်ကြီး ဌာန၌ အထူးပို့ကုန်ခွင့်ပြုမိန့်ကို လျှောက်ထားရန်လိုအပ်ပြီး သင်္ဘောတင်အချက်အလက်များ၊ ပင်ရင်းဒေသနှင့် ငွေပေးချေသည့်နေ့ရက် ဖော်ပြချက်တို့အပါအဝင် လိုအပ်သော စာရွက်စာတမ်း အထောက်အထားများကို တင်ပြရမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၃၀ သက်တမ်းရှိမည့် ၎င်းအထူးပို့ကုန်ပါမစ်အား ရရှိပြီးပါက ပို့ကုန်လုပ်ငန်းများ မဆောင်ရွက်မီ အကောက်ခွန်ဌာနသို့ အီလက်ထရွန်းနစ် နည်းလမ်းဖြင့် ပေးပို့ရမည်ဖြစ်ကြောင်းသိရှိရသည်။
ပြည်တွင်း၌ ဆန်ရောင်းလိုအားကို မြှင့်တင်နိုင်ရန် UAE အစိုးရက ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း ယခုတားမြစ်ချက်သည် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်၌ ထပ်မံ၍ ဈေးနှုန်းဖောင်းပွ မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာသူများက ပြောဆိုခဲ့ကြသည်။
Source: Arabian Business, 28 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)