ဗီယက်နမ်နိုင်ငံ၌ သီဟိုဠ်စေ့ တင်ပို့ရန် လျာထားချက်အား လျှော့ချ

Powered by Drupal

၂၀၂၃ ခုနှစ်၏ လက်ကျန်ကာလများတွင် တင်ပို့မှုဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းမှုများအရ ဗီယက်နမ် သီဟိုဠ်လုပ်ငန်းရှင်များအသင်း (VINACAS) က ယခုနှစ် သီဟိုဠ်စေ့ တင်ပို့ရန် ရည်မှန်းထားသည့်ပမာဏကို အမေရိကန်ဒေါ်လာ ၃.၀၅ ဘီလီယံသို့ လျှော့ချခဲ့ကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့ မူလမျှော်မှန်းသည့် လျာထားချက်အပေါ် ဒေါ်လာသန်း ၅၀ နှင့်  စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးဝန်ကြီးဌာန၏ လျာထားချက်အပေါ် ဒေါ်လာသန်း ၇၅၀ အသီးသီး လျှော့ချခဲ့ခြင်းဖြစ်ကြောင်း Vietnam News သတင်းဌာနက ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဟိုချီမင်းမြို့၌ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ်အတွက် သီဟိုဠ်ကဏ္ဍ၏ ဖွံ့ဖြိုးမှုတိုးတက်မှု စွမ်းဆောင်ရည်သုံးသပ်မှုညီလာခံတွင် VINACAS ၏ ဒုတိယဥက္ကဋ္ဌ Bạch Khánh Nhật က အခက်အခဲများကြားမှ သီဟိုဠ်တင်ပို့မှုများမှာ  ပထမ ၆ လပတ်တွင် တိုးတက်ခဲ့ကြောင်း၊ တန်ချိန် ၂၇၉၀၀၀ ကျော် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ရရှိခဲ့သဖြင့် နှစ်အလိုက်တိုးတက်မှု ၇.၆၅% ရှိကြောင်း၊ သို့ရာတွင် ပျမ်းမျှတင်ပို့မှုဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၁၇ ဖြစ်၍ ၁.၇၃% ကျဆင်းခဲ့ကြောင်း၊ ပထဝီနိုင်ငံရေးအခြေအနေ၊ ကမ္ဘာ့နိုင်ငံများရှိ ဗဟိုဘဏ်များ၏ ငွေကြေးဆိုင်ရာတင်းကြပ်မှုများ၊ ငွေကြေးဖောင်း ပွမှု၊ ဈေးကွက်ကြီးများတွင် ဝယ်လိုအားလျော့နည်းမှုနှင့်  စားသုံးသူများ၏ အသုံးအစွဲလျှော့ချမှုတို့ကြောင့် သီဟိုဠ်ကဏ္ဍသည် အခက်အခဲများ တွေ့ကြုံနေရကြောင်း၊ ပထမ ၆ လ အတွင်း ဝယ်ယူသူများအနေဖြင့် ပမာဏအနည်းငယ်ချင်းကိုသာ လက်ငင်းရောင်းဝယ်မှုစနစ်ဖြင့် စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ကြကြောင်း၊ သို့သော် သီဟိုဠ်ဈေးနှုန်းများသည် အခြားသောအစေ့အဆံများထက် ယှဉ် င်နိုင်စွမ်းရှိကြောင်း၊ ကမ္ဘာ့တစ်ဝှမ်းရှိ လက်လီရောင်းချသူများအနေဖြင့် ဝယ်လိုအား များပြားလာစေရန် လှုံ့ဆော်သည့် အရောင်းမြှင့်တင်ကြော်ငြာခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။

VINACAS ၏ ဥက္ကဋ္ဌ Phạm Văn Công ကလည်း ဗီယက်နမ်နှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ရှိသောနိုင်ငံများရှိ အဓိကဈေးကွက်ကြီးများသို့ ပို့ကုန်တိုးမြှင့်တင်ပို့ရန် လိုအပ်ကြောင်း၊ ဗီယက်နမ်၏ သီဟိုဠ်ကို စားသုံးသူများသိရှိနိုင်ရေးအရောင်းမြှင့်တင်မှုမှာ အရေးပါကြောင်းဖြင့် ပြောကြားခဲ့သည်။

Source: Vietnam news, 28 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)