အိန္ဒိယ အထူးကော်ဖီတင်ပို့သူများက ပြည်ပဝယ်လိုအားလျော့နည်းသွားမည်မဟုတ်ဟု ခန့်မှန်းကြ

Powered by Drupal

ကော်ဖီသုံးစွဲသည့် ဥရောပနှင့်အမေရိကန်နိုင်ငံတို့တွင် စီးပွားရေးအခြေအနေ လျော့နည်းကျဆင်းမည့် အလားအလာများ ရှိနေသော်လည်း အိန္ဒိယနိုင်ငံမှ အထူးထုတ်လုပ်သည့် ကော်ဖီများဖြစ်ကြသော Monsooned Malabar နှင့် Robusta Kapi Royale တို့အတွက် ပြည်ပဝယ်လိုအားမှာ မူလအခြေအနေအတိုင်းပင် ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းသိရှိရပါသည်။

ကော်ဖီစိုက်ပျိုးတင်ပို့သူများ၏ ပြောကြားမှုအရ အထူးထုတ်ကော်ဖီများကို နယူးယောက် နှင့် လန်ဒန်မြို့တို့ရှိ လေလံတင်ရောင်းချသည့်ဈေးများထက် ၅ဝ ရာခိုင်နှုန်း ကျော် မြင့်မားသည့် အာမခံကြေးများပေး၍ ဝယ်ယူလျက်ရှိသော ဝယ်ယူသူများနှင့် ရေရှည်ဆက်ဆံရေး တည်ဆောက်ထားနိုင်သည့်အတွက် အဆိုပါကော်ဖီများ၏ ဝယ်လိုအားကို ယခင်အတိုင်း ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ သို့ရာတွင် လတ်တလောကာလများ၌ ဥရောပနိုင်ငံ အချို့၏ စီးပွားရေး အခြေအနေများကြောင့် စားသုံးသူများမှာ ပိုမိုတန်ဖိုးမြင့်မားသောကော်ဖီများကို ပြောင်းလဲသောက်သုံးခဲ့ကြသဖြင့် ကော်ဖီတင်ပို့မှုပမာဏကို အနည်းငယ် အကျိုးသက်ရောက်မှု ရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ အထူးထုတ် ကော်ဖီအတွက် ဝယ်လိုအားမှာမူ လျော့နည်းကျဆင်းသွားမည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံ အထူးထုတ်ကော်ဖီအသင်းဥက္ကဌဖြစ်သူ DM Purnesh က ပြောကြားခဲ့ပါသည်။

အထူးထုတ်ကော်ဖီသင်္ဘောတင်ပို့မှုမှာ အိန္ဒိယနိုင်ငံ၏ကော်ဖီတင်ပို့မှုတွင် ၁ဝ ရာခိုင်နှုန်းအောက် လျော့နည်းပါဝင်လျက်ရှိပါသည်။ လွန်ခဲ့သောဆယ်စုနှစ်ကာလများက အိန္ဒိယနိုင်ငံ၏ အထူးထုတ်ကော်ဖီတင်ပို့မှုမှာ ပြည်ပဝယ်လိုအားမြင့်တက်မှုနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများက အာမခံကြေးပေးထားသော ကော်ဖီစေ့များကို စိုက်ပျိုးထုတ်လုပ်ရန် စိတ်ပါဝင်စားမှု မြင့်တက်လာမှုများကြောင့် ၅ဝ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပါသည်။ ကော်ဖီအသင်း၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံ၏ အထူးထုတ်ကော်ဖီတင်ပို့မှုမှာ တန်ဖိုးအားဖြင့် ၂ဝ၁၂ ခုနှစ်တွင် ရူပီးငွေ ၂၂၁၈.၅ သန်းမှ ၂ဝ၂၂ ခုနှစ်တွင် ရူပီးငွေ ၆၁၉ဝ သန်းထိ မြင့်တက်ခဲ့သဖြင့် သုံးဆနီးပါး တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

ကော်ဖီစိုက်ပျိုးသူများအနေဖြင့် အထူးထုတ်ကော်ဖီစေ့များ ထုတ်လုပ်ရန် အထူးထုတ် ကော်ဖီအသင်းအဖွဲ့မှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်နိုင်ရန် ပြုပြင်ထုတ်လုပ်သည့် နည်းစနစ်အမျိုးမျိုးတို့အတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရပါသည်။ အိန္ဒိယနိုင်ငံ၏ စိုက်ပျိုး ထုတ်လုပ်သူများသည် အထူးထုတ်ကော်ဖီများအဖြစ် Mysore Nuggets Extra Bold ၊ Monsooned Malabar arabicas ၊ robustas နှင့် Robusta Kapi Royale တို့ကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြပါသည်။ Single origin နှင့် micro lots အထူးထုတ်ကော်ဖီများအတွက် ဈေးကွက်မှာလည်း ကော်ဖီစေ့လှော်သူများက အဆိုပါကော်ဖီများကို သီးခြားကော်ဖီအဖြစ်သော်လည်းကောင်း၊ အခြားကော်ဖီများနှင့် ရောနှော၍သော်လည်းကောင်း ရောင်းချလျက် ရှိကြသဖြင့် ယခင်အတိုင်းဆက်လက်တည်တံ့နေမည်ဖြစ်ကြောင်း သိရှိရပါသည်။

အထူးထုတ် ကော်ဖီအသင်းအဖွဲ့အတွင်းရေးမှူးဖြစ်သူ Appadurai က အထူးထုတ်ကော်ဖီများကို စိုက်ပျိုးထုတ်လုပ်သူများသည် ဝယ်ယူသူများနှင့် ကာလရှည်လက်တွဲ၍ အလုပ်လုပ်ကိုင်ခဲ့သဖြင့် အာမခံကြေးပေး၍ ဝယ်ယူသောပဲများ၏ ဝယ်လိုအားကို မကျဆင်းစေရန် ဆက်လက်ထိန်း သိမ်းထားနိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိဈေးကွက်တွင် ကော်ဖီဈေးနှုန်းများမှာ နှစ်ကာလများစွာမြင့်တက်ခဲ့သဖြင့် ဝယ်ယူသူများသည် ဈေးနှုန်းများကို ပြန်လည်စေ့စပ် ဆွေးနွေး ညှိနှိုင်းရန် ပြင်ဆင်လျက်ရှိကြကြောင်း Appadurai က ပြောကြားခဲ့ပါသည်။

Source: The Hindu Business Line, 1st August, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)