အင်ဒိုနီးရှားနိုင်ငံအစိုးရက ဇီဝဒီဇယ် ၃၅ သို့မဟုတ် ဘီ၃၅ (B35) ကို နိုင်ငံအနှံ့အပြားတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် တစ်ပြိုင်နက်တည်း စတင်အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ B35 ဇီဝဒီဇယ်ဆိုသည်မှာ သာမန်လောင်စာဆီနှင့် ဇီဝလောင်စာဆီ ၃၅ ရာခိုင်နှုန်း ရောနှောထားသည့် လောင်စာဆီအမျိုးအစားတစ်ခုဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ၌ ပထမဦးဆုံး မိတ်ဆက်ဆောင်ရွက်ခဲ့သည့် အစီအစဉ်ဖြစ်ကြောင်း သိရပါသည်။
B35 ဇီဝဒီဇယ်ကို ယခုနှစ် ဖေဖော်ဝါရီလမှစ၍ အင်ဒိုနီးရှားနိုင်ငံ၊ ဒေသအချို့တွင်သာ အမှန်တကယ်အသုံးပြုမှုရှိခဲ့ပြီး လောင်စာဆီအရောင်းဆိုင်အများစုတွင် B30 ဆီကိုသာ ရောင်းချလျက်ရှိ ကြောင်း၊ သို့ရာတွင် ဩဂုတ်လ ၁ ရက်နေ့မှစ၍ B35 အမျိုးအစား ဇီဝဒီဇယ်ကိုသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပခဲ့သော B35 မှ နိုင်ငံခြားသုံးငွေရရှိရေး အစီအစဉ်၏ စကားဝိုင်းဆွေးနွေးပွဲ၌ ဆီအုန်းစိုက်ပျိုးရေး မန်နေဂျာများဆိုင်ရာအေဂျင်စီ (BPDPKS) မှ ဖြန့်ဖြူးရေးတာဝန်ခံအရာရှိ Mr. Fajar Wahyudi ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဒီဇယ်ဆီနှင့် ဟင်းသီးဟင်းရွက်ဆီမှရရှိသည့် ဇီဝဒီဇယ်ဆီတို့၏ ဈေးကွက်အတွင်း ဖြစ်ပေါ်သော ဈေးနှုန်းကွာခြားမှုကို ကာမိစေရန်အတွက် အေဂျင်စီ၏ ရန်ပုံငွေကို ဇီဝဒီဇယ်ဆီအတွက် အသုံးပြုပါကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ်က ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံး၏ စည်းမျဉ်းအမိန့်အမှတ် ၆၆ အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း Mr. Fajar Wahyudi က ဆက်လက်ပြောကြားခဲ့ပါသည်။
ဆီအုန်းစိုက်ပျိုးရေးမန်နေဂျာများဆိုင်ရာအေဂျင်စီ (BPDPKS) က ၂၀၂၂ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်းပေါင်း ၂၃ ခုကို ဈေးကွက်ပေါက်ဈေးအပေါ် ခြားနားငွေကို ပေးချေခဲ့ပြီး ပမာဏအားဖြင့် ရူပီး ၃၄.၅ ထရီလီယံခန့်ရှိကြောင်း ဖော်ပြပါရှိပါသည်။ အေဂျင်စီက ယခုနှစ်အတွက် ဖြန့်ဖြူးရန် ဇီဝဒီဇယ်ပမာဏ စုစုပေါင်း ကီလိုလီတာ ၁၀.၃၆ သန်းအနက် ကီလိုလီတာပေါင်း ၇ သန်းခန့်ကို ပေးသွင်းခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။
Source: en.tempo.co , 1st Aug, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)