“ သိဒ္ဓိ” ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်း‌ဒေသကြီး အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၈.၇.၂၀၂၃)ရက်နေ့၊ နံနက်(၁၀)နာရီ အချိန်တွင် မုံရွာမြို့၊စက်မှုဇုံရပ်ကွက်ရှိ “သိဒ္ဓိ” ဆီစက်ပိုင်ရှင် ဦးအောင်သူဝင်းနှင့် တွေ့ဆုံ၍ ဆီစက်များ လည်ပတ်ကြိတ်ခွဲမှု အခြေအနေများ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံ ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဆီစက်ပိုင်ရှင်ဦးအောင်သူဝင်းက မိမိတို့ဆီစက်များ အ‌နေဖြင့် နိုင်ငံတော်မှချမှတ်ထားသောမူဝါဒများနှင့်အညီ ပြည်ပသွင်းကုန်များအစားထိုးမှု လျော့ချ၍ ပြည်တွင်း ဆီစက်များပုံမှန်လည်ပတ်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ  ဆီကြိတ်ခွဲမှုများ ပုံမှန်လည်ပတ်လျက်ရှိကြောင်း၊  တစ်ရက်လျှင် (၂)ဆိုင်းခွဲ၍ တစ်ဆိုင်းလျှင် (၆)နာရီ လည်ပတ် နိုင်ကြောင်း၊ ကုန်ကြမ်းဖြစ်သော မြေပဲ၊နှမ်းကို ကလေး၊ မော်လိုက်၊ ဖောင်းပြင်၊ ဘုတလင် မြို့နယ်များမှ ဝယ်ယူရရှိပြီး ထွက်ရှိသော ဆီကုန်ချောများကို ဒေသတွင်းစားသုံးကြပြီး မန္တလေး၊ ရန်ကုန်နှင့် City Mark များသို့လည်း တင်ပို့ရောင်းချရကြောင်း၊လက်တလောကာလတွင် ရှမ်းပြည်ဘက်မှကုန်ကြမ်းဝယ်ယူ၍ ပဲပုတ်ဆီများကြိတ်ခွဲလျက်ရှိကြောင်း၊  စက်များကို ပြန်လည် မွမ်းမံပြီး လိုအပ်သောပစ္စည်းများ ဝယ်ယူရန်အတွက်လည်းနိုင်ငံတော်မှ ချေးငွေရရှိထားပါကြောင်း၊ FDA လျှောက်ထားမည်ဆိုပါက ပြင်ဆင်ရမည့်အချက်များသိရှိလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးရမည့်အချက်များအား မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

DOCA(စစ်ကိုင်း)