အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံဈေးနှုန်းများ မြင့်တက်

Powered by Drupal

အိန္ဒိယနိုင်ငံတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်မားလျက်ရှိမှုအပေါ် စားသုံးသူများက ပဲမျိုးစုံကို ပိုမိုတိုးမြှင့်စားသုံးလာကြသည့်အပြင် အိန္ဒိယပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျနေသည့် အခြေအနေတွင် ပဲမျိုးစုံတင်ပို့သည့်နိုင်ငံများ၏ အခွင့်အရေးရယူရန် ကြိုးပမ်းမှုများက နိုင်ငံတကာ ပဲမျိုးစုံဈေးနှုန်းများကို မြင့်တက်စေပြီး အိန္ဒိယပဲမျိုးစုံ လက်ကားဈေးကွက်၌ ရက်သတ္တတစ်ပတ်အတွင်း ၂% မှ ၃% အထိ ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း Economic Times သတင်းဌာနက ဩဂုတ်လ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

အိန္ဒိယပြည်တွင်း၌ ဇွန်၊ ဇူလိုင်လများအတွင်း ခရမ်းချဉ်သီး ဈေးနှုန်းများ ၂၃၃% အထိ မြင့်တက်မှုနှင့်အတူ ဟင်းသီးဟင်းရွက် ဈေးနှုန်းများဖောင်းပွမှုမှာ ဆက်လက်ဖြစ်ပေါ်နေခဲ့ရာ ဈေးအသက်သာဆုံး ပဲများဖြစ်သော ပဲနီလေးနှင့် ပဲတီစိမ်းတို့၏ ဝယ်လိုအားသည် မြင့်တက်လျက်ရှိကြောင်း၊ ပဲမျိုးစုံတင်ပို့သည့် ကနေဒါ၊ မြန်မာ၊ မိုဇမ်ဘစ်နှင့် အခြားနိုင်ငံများသည် အိန္ဒိယ၏ မိုးသီးနှံ စိုက်ပျိုးမှုအခြေအနေကို မပြတ်စောင့်ကြည့်လေ့လာပြီး မိုးသီးနှံပဲမျိုးစုံ စိုက်ပျိုးနိုင်မှု ၉% ကျော် လျော့ကျနေချိန်တွင် ပဲဈေးနှုန်းများကို မြှင့်တင်ခဲ့ကြကြောင်း၊ သို့ဖြစ်ရာ အိန္ဒိယ ပြည်တွင်း၌ မတ်ပဲ အဓိကပြုပြင်ထုတ်လုပ်သည့် Jalgaon ဈေးကွက်တွင် ပြီးခဲ့သော သီတင်းပတ်အတွင်း မတ်ပဲဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၃ ရူပီးနှုန်း တစ်နည်းအားဖြင့် ၃% ခန့် မြင့်တက်ခဲ့ကြောင်း၊ အလားတူ ပဲစင်းငုံဈေးနှုန်းများသည်လည်း လက်ကားရောင်းဝယ်ရာတွင် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်)လျှင် ရူပီးငွေ ၂၀၀ မှ ၄၀၀ အထိ မြင့်တက်လာကြောင်း၊ မဟာရဋ္ဌပြည်နယ် Akola ဈေးကွက်နှင့် ကာနာတကာပြည်နယ် Gulbarga ဈေးကွက်တို့၌ ပဲစင်းငုံ ၁ ကီလိုဂရမ်လျှင် ၁၃၆ ရူပီးနှုန်းဖြင့် ရောင်းဝယ်မှုရှိရာမှ ပြီးခဲ့သော သီတင်းပတ်အတွင်း ၁၄၀ ရူပီးနှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ မွန်ဘိုင်းဈေးကွက်တွင် မိုဇမ်ဘစ်နိုင်ငံမှ တင်သွင်းသည့် ပဲစင်းငုံများ၏ ဈေးနှုန်းသည် ရက်သတ္တတစ်ပတ် အတွင်း ၁ ကီလိုဂရမ်လျှင် ၅.၅ ရူပီးနှုန်းဖြင့် သိသာစွာ မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းကုန်လက်ကျန်မှာ ကန့်သတ်ချက်ရှိခြင်း၊ မိုးသီးနှံစိုက်ပျိုးနိုင်မှု နှောင့်နှေးလျက်ရှိခြင်း၊ ပြည်ပမှ တင်သွင်းမှု နည်းပါးလျက်ရှိခြင်းတို့က ပဲစင်းငုံဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေကြောင်း၊ မတ်ပဲဈေးနှုန်းမှာမူ အလားတူ အခြေအနေအပြင် မြန်မာနိုင်ငံရှိ ကုန်သည်များက အိန္ဒိယဈေးကွက်ကို စောင့်ကြည့်လျက် ကုန်လက်ကျန်များကို ထိန်းသိမ်းထားရှိသဖြင့် ပေးသွင်းမှုကျဆင်းလျက် ဈေးနှုန်းမြင့်တက်ရခြင်း ဖြစ်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားပါသည်။

အိန္ဒိယပြည်တွင်း၌ ပဲစင်းငုံနှင့် မတ်ပဲတို့၏ ဈေးနှုန်းများမှာ ကျဆင်းမည့် အခြေအနေမရှိသော်လည်း စားသုံးသူများအနေဖြင့် ဈေးနှုန်းများ ဆက်လက်မြင့်တက်ခြင်းမရှိပဲ တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်မည့်အခြေအနေကိုသာ မျှော်လင့်ရဖွယ်ရှိကြောင်း သိရှိရသည်။

Source: Economic Times, 9 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)