ထိုင်းနိုင်ငံ၌ ကွပ်ကဲရေးဗဟိုဌာနဖွဲ့စည်း၍ မိုးခေါင်ခြောက်သွေ့မှုကို စောင့်ကြည့်ကြပ်မတ်မည်

Powered by Drupal

ထိုင်းနိုင်ငံတွင် လယ်ယာစိုက်ပျိုးထုတ်လုပ်မှုများအပေါ် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုကို စောင့်ကြည့်အကဲဖြတ်လျက် ထိခိုက်မှုများမှ လျော့ပါးသက်သာစေရေး ကြိုတင်စီမံမှုများ လုပ်ဆောင်နိုင်ရန်အတွက် ကူးသန်းရောင်းဝယ်ရေး အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် ကွပ်ကဲရေးဗဟိုဌာနတစ်ခုကို ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်ပနိုင်ငံပေါင်း ၄၂ နိုင်ငံရှိ သံရုံး ၅၈ ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကူးသန်း ရောင်းဝယ်ရေး သံမှူးများ အပါအဝင် ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏ ပူးပေါင်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့အပြီးတွင် ကွပ်ကဲရေးဗဟိုဌာနတစ်ရပ် တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jurin Laksanawisit က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါကွပ်ကဲရေးဗဟိုဌာနသည် ကမ္ဘာလုံးဆိုင်ရာ ခြောက်သွေ့မှု ဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်မှုကို စောင့်ကြည့်ခြင်း၊ လယ်ယာစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေများ၊ ဆန်စပါးဈေးနှုန်းများနှင့် အခြားလယ်ယာထွက်ကုန်များ၏အခြေအနေများကို ခြေရာခံခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ ပြည်ပနိုင်ငံများ၌ တာဝန်ထမ်းဆောင်လျက် ရှိသော ထိုင်းကူးသန်းရောင်းဝယ်ရေးသံမှူး ၅၈ ဦးကိုလည်း အထူးသဖြင့် ဆန်စပါး အပါအဝင် လယ်ယာထွက်ကုန်များအားလုံး၏ ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်လျက်ရှိသော စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ဈေးနှုန်းနှင့် မိုးခေါင်ခြောက်သွေ့မှု အခြေအနေများကို စောင့်ကြည့်ရန် တာဝန်ပေးအပ်ထားသည်။ အဆိုပါ သံမှူးများသည် နိုင်ငံတကာ၌ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကို ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ရက်သတ္တ ၁ ပတ် သို့မဟုတ် ၂ ပတ်လျှင် တစ်ကြိမ် သတင်းပေးပို့တင်ပြမည်ဖြစ်သည်။

ထိုင်းဝန်ကြီး Mr Jurin က အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုနှင့် အိန္ဒိယ၏ ဆန်တင်ပို့မှု တားမြစ်ချက်တို့သည် ကမ္ဘာ့ဆန်စပါးထုတ်လုပ်မှုနှင့် ဈေးကွက်ဈေးနှုန်းများအပေါ် သက်ရောက်မှုရှိကြောင်း၊ ထိုင်းတော်ဝင်ဆည်မြောင်းဌာန၏ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် နှစ်ပေါင်း ၃၀ ပျမ်းမျှ တွက်ချက်မှုနှင့် နှိုင်းယှဉ်ပါက မိုးရွာသွန်းမှု ၅% ခန့် လျော့နည်းရရှိဖွယ်ရှိကြောင်း၊ ဆည်တာတမံများ၌ ရေသိုလှောင်မှုမှာ ယခင်နှစ်သိုလှောင်နိုင်ခဲ့သည့် ပမာဏအောက် ထက်ဝက်ခန့်လျော့ကျမည်ဟု ခန့်မှန်းရကြောင်း၊ ဤအခြေအနေက ဆည်ရေသောက် ဧရိယာများတွင် သီးနှံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ အိန္ဒိယ၏ ဆန်တင်ပို့မှု တားမြစ်ချက်သည် ထိုင်းနိုင်ငံအတွက် ယခင်က အိန္ဒိယထံမှ ဆန်အပေါ် မှီခိုနေရသော အာဖရိကဈေးကွက်သို့ ဆန်တင်ပို့နိုင်မည့် အခွင့်အလမ်းရရှိစေကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုကို တားမြစ်လိုက်သည့်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ ဆန်ဖြူ ဈေးနှုန်းများသည် ၇% အထိ မြင့်တက်လာခဲ့ရာ ထိုင်းလယ်သမားများအနေဖြင့် စပါးများကို မြင့်မားသည့် ဈေးနှုန်းဖြင့် ရောင်းချမည်ဟု ခန့်မှန်းရပါသည်။ အခြားတစ်ဘက်တွင်မူ စားသုံးသူများအတွက် အသင့်ထုပ်ပိုးထားသည့် ဆန်ဈေးနှုန်းများကြီးမြင့်မှု အပါအဝင် မွေးမြူရေးလုပ်ငန်းများအနေဖြင့် တိရစ္ဆာန်အစားအစာ စရိတ်စကများ မြင့်တက်သည့် သက်ရောက်မှုများ ဖြစ်ပေါ်နိုင်ပါသည်။

ဈေးနှုန်းများ မျှတသည့် အခြေအနေ၌ ရှိစေရန်အတွက် ဆန်ဈေးနှုန်းများကို စောင့်ကြည့်ကြပ်မတ်ရန် ညွှန်ကြားထားကြောင်း၊ စပါးဈေးနှုန်းများမြင့်မားမှုမှ လယ်သမားများအတွက် အကျိုးဖြစ်ထွန်းစေချိန်၌ စားသုံးသူများကို အကာအကွယ်ပေးရန်အတွက် ကြိတ်ခွဲထုတ်လုပ်ပြီးသည့် ဆန်များ ဈေးနှုန်းအလွန်မြင့်တက်မှုမရှိစေရေး သေချာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် လုပ်ငန်းရှင်များ၏ ရှင်သန်ရပ်တည်နိုင်ရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပါဝင်လုပ်ကိုင်လျက်ရှိသူများအားလုံး အကျိုးရှိစေရန် ရည်ရွယ်လုပ်ကိုင်လျက်ရှိပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ပါကလည်း ပါဝင်သူများအားလုံးအတွက် အနည်းပါးဆုံးဖြစ်စေရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ကွပ်ကဲရေးဗဟိုဌာန၏ တာဝန်မှာ ဖြစ်ပေါ်လာသည့် အခြေအနေအပေါ် သင့်လျော်သည့် တုန့်ပြန်မှုတစ်ရပ်ချမှတ် ဆောင်ရွက်မှု သေချာခိုင်မာရေးပင်ဖြစ်ကြောင်း ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr Jurin က ပြောကြားခဲ့သည်။

ထိုင်းဆန်စပါးဌာန၏ အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် ဆန်တန်ချိန် ၃၄.၃ သန်း ထုတ်လုပ် နိုင်ခဲ့ပြီး ယခုနှစ်၌ တန်ချိန် ၃၂.၃ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရကြောင်း၊ မိုးခေါင် ခြောက် သွေ့မှုကြောင့် တန်ချိန် ၂ သန်းခန့် သို့မဟုတ် ၅.၆% ခန့် လျော့ကျမည်ဟု တွက်ဆထားကြောင်း၊ သို့ရာတွင် ခြောက်သွေ့ရာသီဖြစ်ပေါ်နိုင်မှု ပြင်းအားနှင့် အနာဂတ်စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေအရင်းအမြစ် ရရှိနိုင်မည့် အခြေအနေတို့ကို လေ့လာဆန်းစစ်လျက် အကဲဖြတ်မှုများ ထပ်မံ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ လေ့လာဆန်းစစ်မှုကို ဩဂုတ်လနှင့် စက်တင်ဘာ လများအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr Jurin က ဆက်လက်ပြောဆိုခဲ့သည်။

ထိုင်းဆန်တင်ပို့သူ လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Charoen Laothamatas က လက်ရှိကာလ၌ အသစ်ရိတ်သိမ်းထွက်ပေါ်သည့် စပါးများ၏ဈေးနှုန်းမှာ ယခင်က တစ်ကြိမ်မျှ ကြုံတွေ့ခဲ့ခြင်းမရှိသော ၁ တန်လျှင် ဘတ်ငွေ ၁၂၀၀၀ နှုန်းအထိ ရောက်ရှိနေသဖြင့် ၂၀၂၃ ခုနှစ်သည် ထိုင်းလယ်သမားများအတွက် ရွှေခေတ်ဟုပင် ခေါ်ဆိုနိုင်ကြောင်း၊ အိန္ဒိယက ဆန်တင်ပို့မှုကို တားမြစ်ခဲ့သည့် အချိန်မှစ၍ ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ရာ ဆန်တစ်တန်လျှင် ဒေါ်လာ ၁၀၀ အထိ ပိုမိုလာခဲ့ကြောင်း၊ သို့သော် အိန္ဒိယ၏ မူဝါဒသည် မည်မျှကြာမြင့်ဆိုသည်မှာ ရှင်းလင်းခြင်း မရှိသဖြင့် လက်ရှိဈေးနှုန်းများ မြင့်တက်သည့် အခြေအနေမှာလည်း သေချာရာမှုမရှိကြောင်း၊ နိုင်ငံများစွာ၌ စားနပ်ရိက္ခာဖူလုံရေးအတွက် ဆန်ဝယ်လိုအား ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Bangkok Post, 8 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)