စုပုံတင်သွင်းခွန်အား တရုတ်နိုင်ငံက ဖြေလျော့ခဲ့အပြီး ဩစတေးလျ၏ မုယောစပါး ဈေးနှုန်းများ မြင့်တက်

Powered by Drupal

ဩစတေးလျနိုင်ငံထံမှ ဘာလီ (Barley) ခေါ် မုယောစပါးများ တင်သွင်းမှုအပေါ် ၂၀၂၀ ပြည့်နှစ်၌ ပထမဆုံးအကြိမ် စတင်ချမှတ်ကောက်ခံခဲ့သော ကြီးလေးသည့် စုပုံတင်သွင်းမှု အခွန်အား ဖယ်ရှားမည်ဟု တရုတ်နိုင်ငံက ထုတ်ဖော်ပြောကြားခဲ့အပြီးတွင် ဩစတေးလျရှိ ကောက်ပဲသီးနှံတင်ပို့သည့် အချို့သောဇုန်ကြီးများ၌ မုယောစပါးဈေးနှုန်းများသည် ၁၀% ခန့်အထိ တစ်ဟုန်ထိုး မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဩဂုတ်လ ၄ ရက် သောကြာနေ့၌ သတင်းထုတ်ပြန်ရာတွင် ဩစတေးလျနိုင်ငံထံမှ တင်သွင်းသည့် မုယောစပါးများအပေါ် စုပုံတင်သွင်းမှုအခွန် (anti-dumping tariffs) နှင့် တန်ပြန်အကောက်ခွန် (anti-subsidy tariffs) ကောက်ခံခြင်းသည် ဩဂုတ်လ ၅ ရက်နေ့၌ အဆုံးသတ်မည်ဖြစ်ကြောင်းဖော်ပြခဲ့သည်။ သို့ဖြစ်ရာ ၃ နှစ် တာကာလအထိ နှစ်စဉ်ကုန်သွယ်မှု၌ တန်ဖိုးအားဖြင့် ဩစတေးလျဒေါ်လာ ၁.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၈၅ သန်း) ခန့်ရှိသော ၈၀.၅% အခွန်ပေးဆောင်ရမှုမှာ သက်သာမှု ရရှိမည်ဖြစ်သည်။

ဩစတေးလျ အနောက်ပိုင်း Albany နှင့် Kwinana ဆိပ်ကမ်းဇုန်နယ်မြေများတွင် မွေးမြူရေးအစာ မုယောစပါး ဈေးနှုန်းများမှာ သောကြာနေ့၌ တစ်တန်လျှင် ဩစတေးလျဒေါ်လာ ၃၀၀ ရှိရာမှ ဩဂုတ်လ ၇ ရက်၊ တနင်္လာနေ့တွင် ဩစတေးလျဒေါ်လာ ၃၃၅ သို့ မြင့်တက်ခဲ့ကြောင်း Cargill Pricing Hub ၏ အချက်အလက်များအရ သိရှိရသည်။ အဆိုပါ ဇုန်နယ်မြေများသည် ၂၀၂၂ ခုနှစ်၌ ဩစတေးလျ ကောက်ပဲသီးနှံ တင်ပို့မှုပမာဏ စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ကို တင်ပို့ခဲ့သော ဒေသများဖြစ်သည်။

ဩစတေးလျ ကောက်ပဲသီးနှံ စတော့အိတ်ချိန်းဖြစ်သော Clear Grain Exchange မှ အထွေ ထွေမန်နေဂျာ Trent Smoker က ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်မှုသည် တရုတ်နိုင်ငံ၌ ဩစတေးလျ မုယောစပါးများကို တင်သွင်းသည့် ကုန်သည်များမှ ပရီမီယံဈေးနှုန်းဖြင့် ပေးချေလာကြ၍ဖြစ် ကြောင်း၊ တရုတ်ဈေးကွက်သည် အခြားဈေးကွက်များထက် ဈေးပိုမိုပေးလေ့ရှိကြောင်း၊ ယခုအကြိမ်၌ ဩစတေးလျဒေါ်လာ ၃၀ မှ ၄၀ အထိ ဈေးနှုန်းပိုမိုသည်ဟု ကြားသိရကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် ဈေးနှုန်းများ သိသာစွာ မြင့်တက်လာသည်ကို တွေ့မြင်လာရကြောင်း ပြောဆိုပါသည်။ Clear Grain Exchange ၏ ဖော်ပြချက်အရ သောကြာနေ့၌ မုယောစပါး ၁၁၅၀၀၀ တန် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်သီတင်းပတ်ကထက် ၃ ဆကျော်များပြားကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် မွေးမြူရေးအစာလုပ်ငန်းနှင့် ယမကာလုပ်ငန်းတို့တွင် သုံးစွဲရန်အတွက် မုယောစပါးများကို တင်သွင်းလျက်ရှိပြီး ရံဖန်ရံခါ၌ ကစော်ဖေါက်ရာတွင် အသုံးပြုသည့် မုယောစပါးအား ပရီမံဈေးနှုန်းပေး၍ ဝယ်ယူလေ့ရှိသည်။

ဩစတေးလျ မုယောစပါးများ တင်သွင်းမှုအပေါ် အခွန်တိုးမြှင့်ကောက်ခံသည့် ယခင် ၃ နှစ်ကာလအတွင်း တရုတ်ကုန်သည်များသည် ကနေဒါ၊ ပြင်သစ်နှင့် အာဂျင်တီးနားနိုင်ငံများမှ မုယောစပါးများကို ဝယ်ယူခဲ့ကြကြောင်း၊ ဩစတေးလျမှ ရောင်းချသူများသည်လည်း အရှေ့အလယ်ပိုင်းဒေသသို့ ဈေးကွက်ပြောင်းလဲတင်ပို့ခဲ့ကြကြောင်း၊ ယခုတစ်ဖန် တရုတ်ကုန်သည်များနှင့် စာချုပ်အသစ်များ ချုပ်ဆိုနိုင်ရန်အတွက် ဩစတေးလျရှိ မုယောစပါးစိုက်ခင်းများ ရင့်မှည့်ရိတ်သိမ်းပြီး အထွက်ပမာဏမည်မျှရှိသည်ကို ရှင်းလင်းစွာ သိရှိနိုင်မည့် နိုဝင်ဘာလတိုင်အောင် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ ဩစတေးလျအနောက်ပိုင်းဒေသရှိ Grain Trade Australia မှ အမှုဆောင်အရာရှိချုပ် Pat O’Shannassy က တရုတ်နိုင်ငံသို့ မုယောစပါးများကို စတင်၍ ပြန်လည်တင်ပို့ချိန်၌ အခက်အခဲတစ်စုံတစ်ရာမရှိနိုင်ဟု ပြောဆိုခဲ့ကြောင်း Hellenic Shipping News သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားပါသည်။

Source: Hellenic Shipping News, 8 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)