ထိုင်းနိုင်ငံအနေဖြင့် အိန္ဒိယ၏ ဆန်တင်ပို့မှု ပိတ်ပင်ခဲ့ခြင်းကြောင့် အကျိုးအမြတ်ရရှိနေပြီး ပြည်တွင်းစားသုံးရန်နှင့် ပြည်ပတင်ပို့ရန်အတွက် လုံလောက်စွာထွက်ရှိသဖြင့် ဆန်တင်ပို့မှုကို ရပ်တန့်ရန် အကြောင်းမရှိဟု ထိုင်းအစိုးရက ပြောကြားခဲ့ပါသည်။
ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jurin Laksanawisit က အိန္ဒိယ၏ ဆန်တင်ပို့မှု တားမြစ်ချက်သည် ထိုင်းဆန်ထုတ်လုပ်သူများအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး အထူးသဖြင့် အိန္ဒိယဆန်ကို အမြောက်အမြားစားသုံးသည့် အာဖရိကဒေသသို့ တင်ပို့နိုင်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းက ထိုင်းလယ်သမားများအတွက် စပါးများကို အမြင့်ဈေးဖြင့် ရောင်းချနိုင်ကြောင်း၊ သို့ရာတွင် ကမ္ဘာ့ဈေးနှုန်းများသည် ပြောင်းလဲလွယ်သဖြင့် အစိုးရအနေဖြင့် အခြေအနေကို အနီးကပ်စောင့်ကြည့်မည်ဖြစ်ကြောင်းဖြင့် ဩဂုတ်လ ၇ ရက်နေ့၊ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုင်းဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ Charoen Laothamatas ကလည်း ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ဆန်မက်ထရစ်တန်ချိန် ၈ သန်းကျော် တင်ပို့နိုင်ဖွယ်ရှိကြောင်း၊ ပထမ ၇ လအတွင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၄.၈ သန်း တင်ပို့ခဲ့ပြီး လစဉ် တန်ချိန် ၇ သိန်းမှ ၈ သိန်းအထိ တင်ပို့ နိုင်ခဲ့ကြောင်း၊ ယခင်နှစ် ဆန်တင်ပို့မှုသည် တန်ချိန် ၇.၇၁ သန်းရှိခဲ့ကြောင်း၊ စျေးကွက်တိုင်း၌ ထင်ကြေးပေး ဈေးကစားခြင်းများကြောင့် ကမ္ဘာ့ဈေးကွက်သည် အလွန်ရှုပ်ထွေးမှုရှိနေပြီး လက်ဝယ်တွင် ကုန်လက်ကျန်မရှိသော နိုင်ငံများအပေါ် ထိခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း၊ အိန္ဒိယ၏ ဆန်တင်ပို့မှု တားမြစ်ပိတ်ပင်ခြင်းက ထိုင်းဆန်ဈေးနှုန်းများကို ၂၀% အထိ မြင့်တက်စေနိုင်ကြောင်း ပြောဆိုသည်။
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပိုမိုရှင်းလင်းမှုရှိမည့် ဈေးကွက်အခြေအနေကို စောင့်ဆိုင်း နေစဉ်အတွင်း ဈေးနှုန်းကမ်းလှမ်းချက်များပေးရန် တုံ့ဆိုင်းလျက်ရှိရာ ဆန်တင်ပို့မှုများကို အချိန်အတိုင်းအတာတစ်ခုအထိ ရပ်နားထားရဖွယ်ရှိကြောင်း၊ စျေးနှုန်းများ မငြိမ်မသက်ဖြစ်နေသောကြောင့် စာချုပ်ဟောင်းများအရ လာမည့်နှစ်ပတ် သို့မဟုတ် သုံးပတ်အတွင်း တင်ပို့ပေးရမည့် ကိစ္စများအတွက် ကုန်သည်များက စိုးရိမ်လျက်ရှိကြောင်း၊ သို့သော် အိန္ဒိယမှ လုပ်ဆောင်မှုများ ပိုမိုရှင်းလင်းမှု ရှိလာသည်အထိ ယာယီအခိုက်အတန့်သာ ဖြစ်သင့်ကြောင်းဖြင့် ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားခဲ့သည်။
ပြည်တွင်းဆန်ဈေးများ ထိုးတက်သွားခြင်းမရှိစေရန်နှင့် ငွေကြေးဖောင်းပွမှုများ မရှိအောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ရကြောင်း၊ ဆန်တင်ပို့မှုမှာ ပုံမှန်ရှိနေပြီး ပြည်တွင်းစားသုံးမှုအပေါ် ထိခိုက်ခြင်း မရှိသေးသော်လည်း စပါးဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ဆန်ဈေးနှုန်းကို သင့်လျော်သည့်နှုန်းထား၌ ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ဝန်ကြီး Jurin က ထပ်လောင်းပြောကြားခဲ့သည်။
Source: The Edge Malaysia, 7 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)