ဖိလစ်ပိုင်နိုင်ငံ၏ ဇူလိုင်လအတွင်း ဆန်တင်သွင်းမှု ကျဆင်းခဲ့ခြင်း

Powered by Drupal

ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်ဇူလိုင်လတွင် ဆန် ၁၁၆၁၉၅ မက်ထရစ်တန် တင်သွင်းခဲ့ပြီး ယခင်လ တင်သွင်းမှုပမာဏ ၂၁၆၆၇၆ တန်အောက် ၄၆.၃၇% ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင် Bureau of Plant Industry (BPI) က ဩဂုတ်လ ၇ ရက်၊ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့ သည်။

ယခုနှစ်၏ ပထမ ၇ လအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ တန်ချိန် ၁.၉၅  သန်း ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် တန်ချိန် ၂.၃၃ သန်း တင်သွင်းခဲ့သဖြင့် ၁၆.၃၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အဆိုပါပမာဏတွင် ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၁.၇၅ သန်းခန့်ဖြင့် စုစုပေါင်းတင်သွင်းမှု၏  ၈၉.၆၇% ပါဝင်ပြီး မြန်မာနိုင်ငံမှ ၈၃၄၆၀ တန်နှင့် ထိုင်းနိုင်ငံမှ ၇၆၂၈၇ တန် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ် ဆန်တင်သွင်းမှု အမြင့်ဆုံးပမာဏအနေဖြင့် ဧပြီလတွင် ဆန် ၅၁၃၄၂၅ တန် ဝင်ရောက်ခဲ့ကြောင်း Manila Times သတင်းဌာနက ဖော်ပြပါသည်။

Rizal Commercial Banking Corp. မှ စီးပွားရေးပညာရှင် Michael Ricafort က ဆန်တင်သွင်းမှု လျော့နည်းရခြင်းသည် မိုးရာသီအစတွင် စိုက်ပျိုးမှုနှင့် ရိတ်သိမ်းခြင်း လုပ်ငန်းစဉ်များ ပိုမိုဆောင်ရွက်နိုင်ရန် အထောက်အပံ့ပေးထားရှိမှုအရ ဖိလစ်ပိုင်နိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ မိုကောင်းမွန်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ မကြာသေးမီနှစ်များအတွင်း ဦးစားပေးမူဝါဒတစ်ရပ်အနေဖြင့် စပါးဈေးနှုန်းလျော့နည်း ဝယ်ယူခြင်းနှင့် လယ်သမားများ၏ ဝင်ငွေများလျော့ကျခြင်းမှ ကာကွယ်ရန်အတွက် စိုက်ပျိုးရိတ်သိမ်းချိန် ကြားကာလတွင် အများအားဖြင့် ဆန်တင်သွင်းမှုကို လျှော့ချရန် စီစဉ်ခဲ့ကြကြောင်း၊ ဆန်တင်ပို့သည့်နိုင်ငံအချို့၏ နိုင်ငံတကာသို့တင်ပို့မှုကို လျှော့ချခဲ့ခြင်းကလည်း ဈေးနှုန်းများ မြင့်တက်လာစေခဲ့ပြီး ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုကို တစ်စိတ်တစ်ပိုင်း လျော့ကျစေခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ဈေးနှုန်းစောင့်ကြည့် လေ့လာချက်များအရ ပြည်ပမှတင်သွင်းလာသော ဆန်ချောများအား တစ်ကီလိုဂရမ်လျှင် ပီဆိုငွေ ၄၅ မှ ၄၆ ကြား ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ အထူးနှင့် ပရီမီယံဆန်ဈေးနှုန်းများမှာ တစ်ကီလိုလျှင် ပီဆို ၄၇ နှင့် ၅၈ ကြားရှိကြောင်း သိရသည်။

Source: Manila Times, 8 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)