ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ် ပထမ ၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၂၅၃ သန်းရရှိ

Powered by Drupal

ကမ္ဘောဒီးယားသည် ယခုနှစ်၏ ပထမခုနစ်လအတွင်း ဆန်တန်ချိန် စုစုပေါင်း ၃၆၂၇၀၈ တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂၅၃ သန်းခန့် ရရှိခဲ့ကြောင်း ၇-၈-၂၀၂၃ ရက်နေ့၊ တနင်္လာနေ့တွင် တင်ပြခဲ့သည့် ကမ္ဘောဒီးယားဆန်အဖွဲ့ချုပ်၏ အစီရင်ခံစာအရ သိရသည်။

ပြည်ပသို့တင်ပို့သည့် ဆန်အမျိုးအစားများတွင် ပရီမီယံဆန်မွှေး၊ ရနံ့မွှေးဆန်၊ ဆန်လုံးရှည်၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များ ပါဝင်ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း ကမ္ဘောဒီးယား ဆန်ကို ကမ္ဘာ့နိုင်ငံပေါင်း ၅၂ နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ ဆန် ၁၄၁၉၅၀ တန် တင်ပို့ခဲ့ရာ စုစုပေါင်းတင်ပို့မှု၏ ၃၉% ဖြင့် အများဆုံးဖြစ်ကြောင်း၊ ၎င်းနောက်တွင် ဥရောပ သမဂ္ဂနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၄၁၃၉၄ တန်နှင့် ၃၀၁၁၇ တန်အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တင်ပို့မှုမှာ တစ်နှစ်စာ တင်ပို့ရန်လျာထားချက် ဆန်တန်ချိန် ၇ သိန်း၏ ၅၂% ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားသည် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးမှ စပါးတန်ချိန် ၄၉ သန်း ကုန်သွယ်ခဲ့ပြီး စုစုပေါင်း၀င်ငွေ ဒေါ်လာ ၆၆၃ သန်းခန့် ရရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘောဒီးယားသည် နိုင်ငံပေါင်း ၅၉ နိုင်ငံသို့ ဆန် တန်ချိန် ၆၃၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး ဒေါ်လာ ၄၁၄ သန်း ရရှိကာ စပါးတင်ပို့မှုမှ ရရှိသည့်ဝင်ငွေမှာ ဒေါ်လာ ၈၄၁ သန်းရှိကြောင်း၊ ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်သည် ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး ဆန်တန်ချိန် ၁ သန်း တင်ပို့ရန် ရည်မှန်းချက် ချမှတ်ထားကြောင်း သိရှိရပါသည်။

Source: Khmer Times, 8 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)