မလေးရှားနိုင်ငံ၏ သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်၊ မေလတွင် ၂၄၁၂၆ တန်ရှိရာမှ ဇွန်လတွင် ၂၉၈၆၇ တန်ဖြင့် ၂၃.၈% ထုတ်လုပ်မှုတိုးတက်လာကြောင်း အစိုးရ၏ တရားဝင်အချက်အလက်များက ဩဂုတ်လ ၈ ရက် အင်္ဂါနေ့တွင် ဖော်ပြထားသည်။
မလေးရှား စာရင်းအင်းဦးစီးဌာန (DOSM) ၏ ထုတ်ပြန်ချက်တွင် သဘာဝရော်ဘာ ထုတ်လုပ်မှုသည် နှစ်အလိုက်နှိုင်းယှဉ်ပါက ယခင်နှစ် ဇွန်လတွင် ၃၁၀၈၃ တန်ရှိရာ ယခုနှစ် ဇွန်လ၌ ၃.၉% ကျဆင်းခဲ့ကြောင်း၊ သဘာဝရော်ဘာတင်ပို့မှုပမာဏမှာ ယခုနှစ်ဇွန်လတွင် ၄၈၈၅၇ တန် ရှိသဖြင့် မေလ၌ တင်ပို့ခဲ့သည့်ပမာဏ ၃၇၀၆၂ တန်ဖြင့် နှိုင်းယှဉ်ပါက ၃၁.၈% တိုးတက်ခဲ့ကြောင်း ဖော်ပြထားသည်။
မလေးရှား၏ ဇွန်လအတွက် သဘာဝရော်ဘာ စုစုပေါင်းတင်ပို့မှုအနက် ၅၀.၆% ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ရာ အဓိကတင်ပို့သည့် ဈေးကွက်အဖြစ် ရပ်တည်လျက်ရှိပြီး ဂျာမနီသို့ ၇.၈% ၊ အမေရိကန်သို့ ၄.၉% ၊ ပါကစ္စတန်သို့ ၃.၁% နှင့် အီရန်သို့ ၂.၅% အသီးသီးတင်ပို့ခဲ့ခြင်းဖြစ်သည်။ ရော်ဘာအခြေခံ ထုတ်ကုန်များအနေဖြင့် ပို့ကုန်စွမ်းဆောင်နိုင်မှုများတွင် လက်အိတ်များ၊ တာယာများ၊ ရော်ဘာကြိုးများနှင့် ကွန်ဒုံးများ ပါဝင်ကြောင်း၊ ရော်ဘာလက်အိတ်များမှာ အဓိကပို့ကုန် အဖြစ် ဇွန်လတွင် ရင်းဂစ်ငွေ ၉၀၀ သန်းတန်ဖိုး တင်ပို့နိုင်ခဲ့ပြီး မေလတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၅% လျော့ကျသွားကြောင်းဖော်ပြထားသည်။
ရော်ဘာထုတ်လုပ်မှုအနေဖြင့် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်၏ တန်ချိန် ၈၃၈၄၈ တန်နှင့် နှိုင်းယှဉ်ပါက ဒုတိယသုံးလပတ်၏ စွမ်းဆောင်ရည်မှာ တန်ချိန် ၇၇၄၅၃ ဖြင့် ၇.၆% လျော့ကျခဲ့ကြောင်း၊ အဆိုပါ ဒုတိယသုံးလပတ်တွင် ထုတ်လုပ်မှုအနေဖြင့် နှစ်စဉ်စွမ်းဆောင်ရည်မှာ ယခင်နှစ်ကာလတူ၌ ထုတ်လုပ်မှုတန်ချိန် ၇၄၆၃၅ ထက် ၃.၈% အထိ စံချိန်တင်တိုးတက်ခဲ့ကြောင်း သိရသည်။
ဇွန်လထုတ် မလေးရှားရာဘာဘုတ်အဖွဲ့၏ Digest ကို ကိုးကားလျက် DOSM က တရုတ်အနေဖြင့် ၎င်း၏စီးပွားရေးပြန်လည်ဦးမော့လာစေရေးကိုထိန်းသိမ်းနိုင်သည့် ထပ်ဆောင်းလှုံ့ဆော်မှုများအပေါ် အပြုသဘောရှုမြင်မှု တိုးတက်လာခြင်း၊ တရုတ်နိုင်ငံအတွင်း ယာဉ်ရောင်းဝယ်မှုများ တိုးတက်လာခြင်းနှင့် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကမ္ဘာ့ဘဏ်၏ အပြုသဘော ပြင်ဆင်သုံးသပ်ခဲ့ခြင်းစသည့် အကြောင်းအရင်းတို့ကြောင့် မလေးရှားရော်ဘာဈေးကွက်သည် တိုးတက်မှုများရှိနေမည်ဟု ဆင်ဟွာသတင်းဌာနကို ကိုးကားလျက် Hellenic Shipping News သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
Source: Hellenic Shipping News, 9 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)