ဧရာဝတီတိုင်းဒေသကြီး အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ၊ တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၁၁.၈.၂၀၂၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အငယ်စား၊ အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့ပါသည်၊၊

       အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ၊ ဒုတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းထွန်းက အဖွင့်မှာစကားပြောကြား၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း ၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများ အကြောင်းဟောပြောခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဦးစီးဌာနမှူး ဒေါက်တာမျိုးထွန်းကျော်က အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) လုပ်ငန်းများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ဟောပြောခြင်း တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းမှုကိုပြန်လည်ဖြေကြားခြင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒုကြီးကြပ်ရေးမှူး ဒေါ်ကေခိုင်ငြိမ်းက E-submission ဖြင့် FDA ထောက်ခံချက်လျှောက်ထားပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပါသည်၊၊

      ဟောပြောပွဲ အခမ်းအနားသို့ ဖိတ်ကြားထားသော တိုင်းအဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၂:၃၀) တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)