ရတနာပုံတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆွေးနွေးကျင်းပပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၈-၈-၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်တွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါတယ်။

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးမှ စားသုံးသူကာကွယ်ရေးအသိပညာရေးဟောပြာပွဲများကျင်းပရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်မှ စားသုံးသူကာကွယ် ရေးအသိပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ကမ္ဘာ့နိုင်ငံအသီး အသီးတွင် ပြဌာန်းထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က စတင်ပြဌာန်းခဲ့ပြီး ဥပဒေမှာ အားနည်းချက်ရှိသည့်အတွက် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် ပြင်ဆင်အတည်ပြုပြဌာန်းခဲ့ပါကြောင်း၊ ဥပဒေတွင် အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄)ခု ပါရှိပါကြောင်း၊ စားသုံးသူ၏ အဓိပ္ပါယ် ဖော်ပြချက်များအားရှင်းလင်းခဲ့ပြီး စားသုံးသူအခွင့်အရေး (၈)ချက်ရှိပါကြောင်း၊ စားသုံးသူ အခွင့်အရေး(၈)ချက်အား ကျောင်းသား/ ကျောင်းသူများ နားလည်သဘောပေါက်စေမည့် ဥပမာများဖြင့် ရှင်းလင်းဟောပြောခြင်း၊ အခွင့်အရေး (၈)ချက် ရှိသလို၊ စားသုံးသူများအနေဖြင့် တာဝန်(၄)ချက်လည်းရှိပါကြောင်း၊ တာဝန်များလည်း လိုက်နာ ရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက်များ ပေးရမည်ဖြစ်ပါကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အာမခံချက်များနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုများအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများလည်းရှိပါကြောင်း၊ ကုန်စည်များ ဝယ်ယူရာတွင် ပါဝင်ပစ္စည်းများ၊ သုံးစွဲပုံနည်း လမ်းများ အဓိကထားပြီး ကြည့်ရှု၍ ဝယ်ယူသင့်ပါကြောင်း၊ စားသုံးဆီများကို ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် အလေးချိန်ကို ပိဿာ/ကျပ်သားဖြင့် ဖော်ပြရမည် ဖြစ်ပါကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ပါ ကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်ကြားမှုနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းများလည်းရှိပါကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေသည် စားသုံးသူများကိုသာမက လုပ်ငန်းရှင်များကို ကာကွယ်ပေးထားသည့် ဥပဒေ ဖြစ်ပါကြောင်း၊ နောင်တစ်ချိန်မှာ ကျောင်းသား/ကျောင်းသူများသည် စီးပွားရေးလုပ်ငန်းရှင် ဖြစ်နိုင်သလို ဝန်ထမ်းများလည်း ဖြစ်နိုင်ပါကြောင်း၊ ဒါကြောင့် စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း သိရှိထားလျှင် အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ ဟောပြောဆွေး နွေးခဲ့သည့် အကြောင်းအရာများကို မိဘ၊ ညီအစ်ကိုမောင်နှမများအားလည်း ပြန်လည်မျှဝေပေးစေချင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ 

    ဆက်လက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာ ပိုင်သူကိုကိုမှ အစားအသောက်များတွင် တွေ့ရှိရသော ဆိုးဆေးအန္တရာယ်များအကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ရာ ရတနာပုံတက္ကသိုလ်ကျောင်းသား/သူများမှ သိရှိလိုသည် များအားမေးမြန်းမှုများကို တာဝန်ရှိသူများမှ ပြောကြားခြင်း၊ ရတနာပုံတက္ကသိုလ်၊ မော်ကွန်းထိန်း ဒေါ်သီတာအောင်မှ ယခုကဲ့သို့ ရတနာပုံတက္ကသိုလ်တွင် လာရောက်ဟောပြောဆွေးနွေးပေးပါသော မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးတို့ အားပန်းဖလက်များဖြန့်ဝေခြင်း၊  ရတနာပုံတက္ကသိုလ်ကန်တင်းသို့ ကွင်းဆင်းစစ် ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)