အိန္ဒိယနိုင်ငံ၏ စားသုံးဆီတင်သွင်းမှုအပေါ်ကောက်ခံသည့်အခွန်နှုန်းထားများအား ထပ်မံပြင်ဆင်လျှော့ချခြင်း

Powered by Drupal

     အိန္ဒိယနိုင်ငံ၌ အကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) သည် စားသုံးဆီတင်သွင်းမှုအပေါ် ကောက်ခံလျှက်ရှိသော အကောက်ခွန်များနှင့် စိုက်ပျိုးရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် (AIDC) များအား ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ၂ စောင်ကို ၁၃-၁၀-၂၀၂၁ နေ့၌ထုတ်ပြန်ခဲ့ရာ CBIC ၏ အမိန့်ကြော်ငြာစာ အမှတ် 48/2021-Customs အရ စားအုန်းဆီကြမ်း၊ပဲပုတ်ဆီကြမ်းနှင့်နေကြာဆီကြမ်းတို့အပေါ် ကောက်ခံလျှက်ရှိသော အခြေခံအကောက်ခွန်အား ၂.၅% မှ သုည ရာခိုင်နှုန်းသို့လည်းကောင်း၊ ပြုပြင်သန့်စင်ထားသည့် စားအုန်းဆီ၊ ပဲပုတ်ဆီနှင့် နေကြာဆီတို့အပေါ် ကောက်ခံလျှက်ရှိသော အခြေခံအကောက်ခွန်ကို ၃၂.၅% မှ ၁၇.၅% သို့လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ် 49/2021-Customs အရ စားအုန်းဆီကြမ်း တင်သွင်းမှုအပေါ် AIDC ထပ်ဆောင်းအခွန် ၂၀% ကောက်ခံလျှက်ရှိရာမှ ၇.၅% သို့လည်းကောင်း၊ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် ကောက်ခံလျှက်ရှိသော AIDC ထပ်ဆောင်းအခွန်ကို ၂၀% မှ ၅% သို့လည်းကောင်း ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊ စားသုံးဆီများ တင်သွင်းမှုအပေါ် ပြင်ဆင်လျှော့ချသတ်မှတ်ခဲ့သည့် အခွန် နှုန်းထားများမှာ ၁၄-၁၀-၂၀၂၁ နေ့မှ ၃၁-၃-၂၀၂၂ ရက်အတွင်းသာ သက်ရောက်မှုရှိမည် ဖြစ် ကြောင်း၊ အစိုးရအနေဖြင့် လတ်တလောမြင့်တက်လျှက်ရှိသည့် စားသုံးဆီဈေးနှုန်းများအား လျှော့ချနိုင်ရန်နှင့် ဘာသာရေးပွဲတော်များ ကျင်းပသည့်ရာသီကာလအတွင်း ပြည်တွင်း၌ ကုန် စည်များ လွယ်ကူစွာရရှိနိုင်မှုကို အထောက်အပံ့ပြုရန် ယခုကဲ့သို့ သွင်းကုန်ခွန်များ လျှော့ချခြင်း ဖြစ်ကြောင်း၊အခွန်နှုန်းလျှော့ချပေးမှုက ကုန်ချိန် ၁ တန်လျှင် စားအုန်ဆီကြမ်း၌ ရူပီးငွေ ၁၄၀၀၀ ခန့်နှင့်ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့တွင် ရူပီးငွေ ၂၀၀၀၀ ခန့် အသီးသီး လျော့ကျ ခဲ့ကြောင်း၊ အိန္ဒိယအစိုးရ၏ ကြေညာချက်ထုတ်ပြန်သည်နှင့်တစ်ပြိုင်နက် မလေးရှားနိုင်ငံ ဈေး ကွက်၌ စားအုန်းဆီကြမ်း ၁ တန်လျှင် ရင်းဂစ်ငွေ ၁၅၀ မှ ၁၇၀ ခန့်အထိ ဈေးနှုန်းများ မြှင့်တင် ခဲ့ကြရာ အိန္ဒိယစားသုံးသူများမှာ အကျိုးခံစားခွင့် ပြည့်ဝစွာရရှိနိုင်ဖွယ်မရှိကြောင်း၊ လက်လီ ဈေးကွက်၌ စားသုံးဆီသန့် ၁ ကီလိုဂရမ်ပေါ်တွင် ၆ ရူပီးမှ ၈ ရူပီး အထိသာ ကျဆင်းဖွယ် ရှိကြောင်း၊မိုးသီးနှံ ပဲပုတ်နှင့်မြေပဲတို့ ရိတ်သိမ်းထွက်ပေါ်မည့်အချိန်နှင့် တိုက်ဆိုင်စွာ စားသုံးဆီ များအပေါ်သွင်းကုန်ခွန်လျှော့ချခြင်းက သီးနှံရောင်းဈေးနှုန်းနှင့်ပတ်သက်၍စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ စိုးရိမ်ပူပန်မှုကို မြင့်တက်စေကြောင်းဖြင့် အိန္ဒိယ ဆီကြိတ် လုပ်ငန်းရှင်များ အသင်း (SEA) ဥက္ကဋ္ဌ ကပြောကြားခဲ့ပါကြောင်း၊စားသုံးဆီများ ဈေးနှုန်းမြင့်တက်မှုကို လျော့ပါး သက်သာစေရေးအတွက် အိန္ဒိယအစိုးရသည် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်လျှက် ကုန် သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ ဖြေလျှော့မှုများစွာကို လုပ်ဆောင်ခဲ့ကြောင်း၊ စားအုန်းဆီနှင့် ပဲပုတ်ဆီတင်သွင်းရာ၌ ကုန်တန်ချိန်ပမာဏအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများအား ဇွန်လအတွင်း၌လျှော့ချခဲ့ပြီး စားသုံးဆီများ၏ ဆိပ်ကမ်းအရောက် CIF တန်ဖိုးအပေါ် ကောက်ခံ သောသွင်းကုန်ခွန်နှုန်းထားများအား စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်လျှော့ချမှု ပြုခဲ့ ကြောင်း၊အိန္ဒိယနိုင်ငံ၏ စားသုံးဆီတင်သွင်းမှုမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ၌ ၁၆၉၈၇၃၀ တန် ရှိပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တင်သွင်းခဲ့သော ၁ လအတွင်း စားသုံးဆီ တင်သွင်းမှု အများဆုံးပမာဏ တန်ချိန် ၁၆.၅၁ သိန်းကို ကျော်လွန်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ်စက်တင်ဘာလအထိ ၁၁ လအတွင်း စားသုံးဆီတန်ချိန် ၁၂၄၇၀၈၇၄ တန် တင်သွင်း ခဲ့ပြီး ယခင်ကာလတူထက် ၂% ပိုမိုလာခဲ့ကြောင်း၊ ၎င်းပမာဏတွင် စားအုန်းဆီမှာ ၇၆၂၇၂၁၈ တန် ပါဝင်ကြောင်း၊ ၁-၁၀-၂၀၂၁ နေ့ရှိ ပြည်တွင်း စားသုံးဆီ လက်ကျန် စုစုပေါင်းမှာ တန်ချိန် ၂၀.၀၅ သိန်းခန့်ရှိပြီး ဆိပ်ကမ်းများ၌ ထုတ်ယူရန်ကျန်ရှိသည့် ပမာဏ တန်ချိန် ၈၄၅၀၀၀ ခန့်ရှိမည်ဟုခန့်မှန်းသည်ဟု အိန္ဒိယဆီကြိတ်လုပ်ငန်းရှင်များအသင်းက ဖော်ကြထားကြောင်း သိရှိရပါသည်။

(ရင်းမြစ်-အိန္ဒိယနိုင်ငံစီးပွားရေးသံမှူးပေးပို့လာသည့်သတင်း)