တောင်ငူမြို့တွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်

Powered by Drupal

     ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးခြင်းကို ဩဂုတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၌ Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

     Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုးက ဦးဆောင်ဆွေးနွေးပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင်က အသေးစားစက်မှုလက်မှုလုပ်ငန်းများအဖြစ် သတ်မှတ်သည့် လုပ်ငန်းများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းအဖြစ် မှတ်ပုံတင်ခြင်းဆိုင်ရာများကိုလည်းကောင်း၊ စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်းက စက်မှုမှတ်ပုံတင်ပြီးသူ လုပ်ငန်းရှင်များအား Member Card ထုတ်ပေးမှုအခြေအနေများ၊ Member Card ထုတ်ပေးပြီး (၂)နှစ်ပြည့်ပြီးသူများအား ချေးငွေလျှောက်ထားလိုပါက ဘဏ်များနှင့်ချိတ်ဆက်ဆောင်ရွက်ပေးသည့် အခြအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြပါသည်။

    ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍများဖြစ်သည့် MSMEs လုပ်ငန်းများမှ ထုတ်လုပ်သည့် စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို စာသုံးသူများလုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေးအတွက် ဈေးကွက်မရောက်မီ စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်နေသည့် အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများအား တစ်နေရာတည်းတွင် ပြသရောင်းချနိုင်ရန်အတွက် ပဲခူးမြို့မဈေးကြီးအပေါ်ထပ်တွင် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ MSMEs ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်ရရှိရေးသာမက ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် ဈေးကွက်ရှာဖွေဖော်ထုတ်ပေးသည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)